09 March 2011

စိတ်ပျက်ရတဲ့ည

 ပထမအကျော့နိုင်တုန်းကတော့ ပျော်လိုက်ရတာ..အခုများကျတော့လဲ ရှုံးးးးးးးးး

အဟင့်.....ရွှတ်..ဟီး......(ငိုသံ)

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဥရောပ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် အာဆင်နယ်တို့ နူးကမ့်တွင် ယှဉ်ပြိုင် ကစားခဲ့ကာ အိမ်ရှင် အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၃ဖြင့် ကွာတားဖိုင်နယ် တက်ရောက် နိုင်ခဲ့သည်။

ယခုပွဲတွင် ဘာစီလိုနာ အသင်းက မက်ဆီ၏ ပထမပိုင်း သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစတွင် ဘတ်စ်ကွက်စ်၏ Own Goal ဖြင့် အာဆင်နယ်တို့ ချေပဂိုး ရခဲ့သည်။ သို့သော် ဗန်ပါစီ ၂၀ါ၁နီဖြင့် ထုတ်ပယ် ခံရခြင်းကြောင့် အာဆင်နယ်တို့ ၁၀ယောက်တည်း ဆက်လက် ကစားခဲ့ရာ ဘာစီလိုနာ အသင်းက လိုအပ်သည့် အနိုင်ဂိုး များအား သွင်းယူကာ ကွာတားဖိုင်နယ် တက်ရောက် သွားခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသည် မက်ဆီ၊ ဗီလာ၊ ပက်ထရို၊ ဇာဗီ၊ အင်နီယေစတာ၊ မာရှေရာနို၊ အဲလ်ဗက်စ် အစရှိသည့် ကစားသမားများ ပါဝင်ခဲ့ ကြပြီး အာဆင်နယ် အသင်းတွင်မူ ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ဗန်ပါစီ၊ ဖာဘရီဂတ်စ်တို့ ပွဲထွက် လာခဲ့သည်။

ပွဲစသည်နှင့် ဘာစီလိုနာ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစား နေခဲ့ပြီး အာဆင်နယ် အသင်းကလည်း အကောင်းဆုံး ခံစစ်ဖြင့် ပိတ်ဆို့ ထားနိုင်ခဲ့သည်။ ပွဲချိန် ၆မိနစ်တွင် ရိုစင်စကီး ဂိုးရှေ့ ဖြတ်ပေးသည့် ဘောလုံး ဗန်ပါစီ ပိတ်သွင်းရန် ကြိုးပမ်းသော်လည်း အရှိန်များ၍ လိုက်မမီခဲ့ပေ။ ၇မိနစ်တွင် မက်ဆီ ထိုးဖောက်မှု ကိုစီယယ်နီ တားဆီး နိုင်ခဲ့သည်။ ၁၆မိနစ်တွင် ပက်ထရိုအား တားဆီးရာမှ ကိုစီယယ်နီ အ၀ါကဒ်ပြ သတိပေး ခံခဲ့ရပြီး ၁၇မိနစ်တွင် အဲလ်ဗက်စ်၏ ဖရီးကစ် ကန်ချက်အား ဆက်ဇီနီ တားဆီး နိုင်ခဲ့သော်လည်း လက်ဒဏ်ရာ ရရှိခဲ့၍ အယ်မူနီးယားနှင့် လူစားလဲ ခဲ့ရသည်။

ထို့နောက်တွင် ဘာစီလိုနာ အသင်းက တစ်ဖက်သတ် နီးပါး ဖိကစား နေခဲ့ပြီး အာဆင်နယ် အသင်းကလည်း ဘာစီလိုနာ တိုက်စစ် ကစားသမား များအား အလွတ်မပေးဘဲ တားဆီး နေနိုင်ခဲ့သည်။ ၃၁မိနစ်တွင် ဘယ်ခြမ်းမှ ဒေးဗစ် ဗီလာပေးရာမှ တဆင့် မက်ဆီ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက် ဂိုးသွင်းရန် ကြိုးပမ်း သော်လည်း အာဆင်နယ် နောက်ခံလူများ အကောင်းဆုံး တားဆီး နိုင်ခဲ့သည်။ ၃၃မိနစ်တွင် ဒေးဗစ်ဗီလာ ဆွဲပြေး ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးသမား အယ်မူနီးယား ဖမ်းမိခဲ့သည်။ ၃၄မိနစ်တွင် ဗီလာ ဖန်တီးပေးရာမှ အက်ဒရီယာနို ဘယ်ခြေဖြင့် အပြင်း ကန်သွင်းခဲ့ရာ ဂိုးတိုင်ထိထွက် ခဲ့သည်။

ပထမပိုင်း ပြီးခါနီး ပွဲချိန် ၄၄မိနစ်တွင် ၀ီရှိုင်းယားအား မာရှေရာနို တားဆီးရာမှ နှစ်ဖက် ကစားသမားများ အချင်းများ ခဲ့ကြသည်။ ထို့နောက် တစ်မိနစ် အကြာတွင် အဲလ်ဗက်စ် မျက်နှာအား လက်ဖြင့် တွန်းခဲ့သည့် ဗန်ပါစီ အ၀ါကဒ်ပြ သတိပေး ခံခဲ့ရသည်။ နာကျင် အချိန်ပို ၃မိနစ်တွင် ဖာဘရီဂတ်စ် နောက်ပြန် ပေးချက် လူပေးမှား ရာမှတဆင့် အင်နီယေစတာ ဖန်တီးပေးခဲ့ရာ မက်ဆီ လွတ်ထွက် သွားခဲ့ပြီး ဂိုးသမား အယ်လ်မူနီးယားအား ကျော်ဖြတ်ကာ အိမ်ရှင် အသင်းအတွက် အဖွင့်ဂိုး ရယူပေး နိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ဘာစီလိုနာ အသင်းက အာဆင်နယ် အသင်းအား ၁-၀ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်စချိန်တွင် အိမ်ရှင် ဘာစီလိုနာ အသင်းကသာ ပွဲအား လွှမ်းမိုး ထားနိုင်ခဲ့ပြီး အာဆင်နယ် အသင်းမှာ ရံဖန်ရံခါမှသာ ထိုးဖောက် နိုင်ခဲ့သည်။ ၅၂မိနစ်တွင် နာဆရီ ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ တဆင့် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး ယင်း ထောင့်ကန်ဘောအား နာဆရီ ကန်တင်ပေးရာ ဘတ်စ်ကွက်စ် ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့ကာ အာဆင်နယ် အသင်း ချေပဂိုး ရခဲ့သည်။

ချေပဂိုး ရရှိပြီးနောက် အာဆင်နယ် အသင်း စိတ်ဓာတ် တက်သွားခဲ့ကာ ဘာစီလိုနာ အသင်းဘက် ဆက်လက် တိုက်စစ်ဆင် နိုင်ရန် ကြိုးပမ်းခဲ့ ကြသည်။ သို့သော် ပွဲချိန် ၅၆မိနစ်တွင် ဗန်ပါစီ လွှတ်ထွက် သွားရာမှ ကန်ချက် ဘေးထွက် သွားခဲ့သော်လည်း ဒိုင်ဖြစ်သူက လူကျွံဘော သတ်မှတ် ပေးထားသည်အား ဂိုးကန်သွင်း သည်ဟု ဆိုကာ ဗန်ပါစီအား နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခဲ့၍ အာဆင်နယ် အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

၅၈မိနစ်တွင် ဒေးဗစ်ဗီလာ ကန်သွင်းချက်အား အယ်မူနီးယား တားဆီး နိုင်ခဲ့ပြီး ဗီလာ ဂိုးရှေ့ တစ်ဖန် ဖြတ်ထိုးပေးသည့် ဘောလုံး ကိုလည်း အာဆင်နယ် နောက်ခံလူများ ရှင်းထုတ် နိုင်ခဲ့သည်။ မိနစ် ၆၀တွင် မက်ဆီနှင့် အဲလ်ဗက်စ် တွဲလုံးမှ တဆင့် ပက်ထရို ပိတ်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း အယ်မူနီးယား ကြားမှ အနာခံ တားဆီး နိုင်ခဲ့သည်။

၆၆မိနစ်တွင် ဒေးဗစ်ဗီလာ တစ်ဦးတည်း လွတ်ထွက် သွားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်ခဲ့ သော်လည်း အယ်မူနီးယားအား မကျော်လွှား နိုင်ခဲ့ဘဲ ဖြစ်ခဲ့ရသည်။ ၆၈မိနစ်တွင် အင်နီယေစတာ၊ ဒေးဗစ်ဗီလာ တွဲလုံးမှ တဆင့် ဇာဗီ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ဦးဆောင်ဂိုးအား သွင်းပေး နိုင်ခဲ့သည်။ ထို့နောက် မိနစ် ၇၀တွင် ပက်ထရို ဧရိယာ အတွင်း ထိုးဖောက်လာ သည်အား ကိုစီယယ်နီ တားဆီးရာမှ ဘာစီလိုနာ အသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်းပင်နယ်တီအား မက်ဆီက အမှားအယွင်း မရှိ ကန်သွင်းခဲ့ကာ အိမ်ရှင် အသင်းက ၃-၁ဖြင့် ဦးဆောင် နိုင်ခဲ့သည်။

၇၂မိနစ်တွင် ရိုစင်စကီး နေရာ အာရှာဗင် ၀င်ရောက် ကစားခဲ့ကာ ၇၄မိနစ်တွင် ဒေးဗစ်ဗီလာအား ကိုစီယယ်နီ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း ဒုတိယ အ၀ါကဒ် အပြခံ ရခြင်းမရှိ၍ အာဆင်နယ် အတွက် သက်သာရာ ရခဲ့သည်။ ၇၇မိနစ်တွင် ဖာဘရီဂတ်စ် အစား ဘန်တနာအား လူစားလဲခဲ့ပြီး ချက်ချင်း ဆိုသလိုပင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ကန်သွင်းခွင့် ရခဲ့ရာ အယ်မူနီးယား အကောင်းဆုံး ကာကွယ် နိုင်ခဲ့သည်။ မိနစ် ၈၀တွင် ဘာစီလိုနာ အသင်းက ဒေးဗစ် ဗီလာ နေရာတွင် အယ်ဖယ်လေအား ၀င်ရောက် ကစားစေခဲ့သည်။ ထို့နောက် လူစားဝင် လာသည့် အယ်ဖယ်လေ ချက်ချင်းပင် တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့ပြီး ဂိုးပေါက် လွဲသွားခဲ့သည်။ ၈၄မိနစ်တွင် မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တွဲလုံးမှ တဆင့် ဧရိယာ အတွင်း မက်ဆီ ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း နောက်ခံလူများ တားဆီး နိုင်ခဲ့ပြီး နောက်မှ အသင့် ပါလာသည့် အယ်ဖယ်လေ ကန်ချက် အယ်မူနီးယား ကာကွယ် နိုင်ခဲ့ပြန်သည်။ ၈၅မိနစ်တွင် မက်ဆီ ဖန်တီးပေး ရာမှ တဆင့် အဲလ်ဗက်စ် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော် ခဲ့သည်။

၈၆မိနစ်တွင် တန်ပြန် တိုက်စစ်မှ တဆင့် အာရှာဗင် ဖြတ်တင်ပေးရာ လူစားဝင် ကစားသမား ဘန်တနာ ဆွဲပြေး ကန်သွင်းရန် ကြိုးပမ်း ခဲ့သော်လည်း မာရှေရာနို အကောင်းဆုံး တားဆီး နိုင်ခဲ့သည်။ ထို့နောက်တွင် မာရှေရာနို နေရာတွင် ကီတာ ၀င်ရောက် ကစားခဲ့ပြီး မိနစ် ၉၀ပြည့်ချိန်တွင် အက်ဒရီယာနို နေရာ မက်စ်ဝဲလ် ၀င်ရောက် လာခဲ့သည်။ သို့သော် နာကျင် အချိန်ပို ၄မိနစ်တွင် အာဆင်နယ်တို့ လိုအပ်သည့် ချေပဂိုး တစ်ဂိုးအား သွင်းနိုင်ခဲ့ခြင်း မရှိရာ ဘာစီလိုနာ အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၄-၃ဖြင့် ကွာတားဖိုင်နယ် တက်ရောက် နိုင်ခဲ့သည်။


Source : Soccermyar

လေးစားစွာဖြင့်
ကိုထွဋ်
၀၉.၀၃.၂၀၁၁

1 comment:

Angelhlaing(May everybody be happy and healthy! said...

အာစင်နယ် ပရိသတ်တစ်ယောက်မို့
အားပေးဖတ်ရှူသွားတယ်အကို။
ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။