27 February 2012

Lighters..

အခုတလော ထပ်ခါ ထပ်ခါ နားထောင်ဖြစ်နေတဲ့သီချင်းပါ။ Eminem. Brunos & Bad Meets evils.

နားထောင်ကြည့်လိုက်ပါ။ ကောင်းပါတယ်...

အခုတလော ဘာရေးရမှန်းမသိလို့ သီချင်းပဲတင်လိုက်တာပါ။




၎eatလျက်
ငထွဋ် (ခ) မျှစ်

16 February 2012

ငါ..အရူးပါ...

အလိုမကျမှုတွေများနေတယ်။စိတ်ကလဲ ကယောက်ကယက်နဲ့ အလုပ်ထဲလဲ စိတ်မပါ။ အခုလုပ်ချငနေတာက သဲအိတ်တစ်လုံး ကို အားရပါးရထိုးပစ်ချင်တယ်။ အဲဒါဆို အလိုမကျမှုတွေများလျော့သွားမလား မသိ။
အလိုမကျမှုတွေ စိတ်ဓာတ်ကျဆင်းနေမှုတွေကို ဖော်ပြစရာလူမရှိ။ ဖော်လည်းမဖော်ပြချင်ဘူး။

ကိုယ်အပူ သူများကူးမှာ စိုးတယ်။ သစ်ပင်တွေကို သွားပြောပြမယ်ဆိုရင်တောင် အပင်တွေချက်ချင်းသေသွားနိုင်တယ်။ ကိုယ့်အပူက မနဲဘဲကိုး။

အသက်က ကြည့်တော့ဖြင့် နှစ်ဆယ်ကျော် ပူပင်လှချေလားလို့ မေးရင် အေးဗျာ လို့ဖြေရမှာပဲ။ ကိုယ့်ဝမ်းနာ ကိုယ်ပဲ သိသကိုးဗျ။ အားကျတယ် သူများတွေကို ။ ခရီးတွေထွက်နေတာကို အားကျတယ်။ ပိုက်ဆံရှိချင်တယ်။ ထီပေါက်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။ ခက်တာက ဒီမှာ ထီမရှိဘူး။

အပူအပင်ကင်းတဲ့ ကလေးလေးဘဝလဲ ပြန်မလိုချင်ပြန်ဘူး။ ကလေး တွေ အပူအပင်ကင်းတာက ဘာမှမှမသိတာ။ အားလုံးကို သိထားပြီး အပူအပင်ကင်းချင်တာ ။ မဖြစ်နိုင်မှန်းသိတယ်ဗျာ။ ဒါပေမဲ့လိုချင်တယ်။

စွန့်ရင်မင်းဖြစ်တယ်ဆိုဘဲ ပြောကြတယ်။ ငါကတော့ မစွန့်စားရဲဘူးဖြစ်နေတယ်။ အခြေအနေကတော့ စွန့်စားရမှာပဲ။ အပြောင်းအလဲကို လိုက်ပြောင်းရမှာပဲ။

ငါ့ဒိန်ခဲ ဘယ်သူရျွေ့သလဲတော့ မမေးတော့ဘူး။ အဖြေမသိတာကို ဘာလို့မေးနေမှာလဲ။ လိုက်ရှာရင်ကော ငါ့ဒိန်ခဲက ပြန်တွေ့နိုင်မလား ။ ကြွက်တွေက ဒိန်ခဲရှာတွေ့ပေမဲ့ ငါဒိန်ခဲ ရှာ့တွေ့နီုင်မလား။

အတွေးများစွာနဲ့ ပူနေတတ်တဲ့ငါ
အပြောင်းအလဲကို ကြောက်နေတဲ့ငါ
မစွန့်စားရဲတဲ့ငါ
ဒိန်ခဲ မရှာနီုင်တဲ့ငါ။
နောက်ဆုံး ဇာတ်ပေါင်းတော့
 ငါအရူးပါ။

03 February 2012

မြန်မာ့ရိုးရာ ဝိတ်ချနည်း....

ခေါင်းစဉ်ကို ကြည့်တာနဲ့ ခင်ဗျားတို့ စိတ်ဝင်စားမယ်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားတို့ အွန်လိုင်းမှာ “အဆီချနည်း” “ဝိတ်ချနည်း” ဆိုပြီးရှာပီးပီ။ အဆင်မပြေဘူးမဟုတ်လား ????
သင့်ပြွန် (ခ) Youtube မှာလဲ “့How to lose belly fat " စသဖြင့် ဗိဒိုတွေရှာပြီးပြီဟုတ်။ တွေ့ပေမဲ့ လိုက်မလုပ်နိုင်ဘူးလေ။ စိတ်ဓာတ်မကျပါနဲ့ ခညားတို့ နေရာမှန်ကို ရောက်ရှိလာပြီလို့ ပြောလို့ရပါတယ်။ ကျနော် အကောင်းဆုံး မြန်မာ့ရိုးရာ ဝိတ်ကျနည်းကိုတွေ့ရှိထားပါတယ်။

ခညားတို့ ဝိတ်ကျဖို့ဆိုရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးလည်ပတ်မှုမြန်အောင်လုပ်ပီး ချွှေးများများထွက်အောင်လုပ်ရမှာဖြစ်တယ်။ ဗိုက်တစ်ခုတည်း ကွက်ပြီး အဆီချလို့မရပါဘူး.. ရသည်ပဲထားဦးတော့ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ ဗိုက်ချပ်ပီး ဇလုပ်ထွက်နေရင် ဘယ်ကောင်းပါ့မလဲ။
အဲဒီတော့.....

လိုက်နာရမည့် အချက်များ

အောက်ကအချက်တွေကို အရင်လိုက်နာပါ။

၁။ ရုံးက အပြန်မှာ ပန်းသီးတစ်လုံး၊ပေါင်မုန့်တစ်လုံး ဝယ်လာပါ။
၂။ အိမ်မှာ ဘာမှ မဝယ်ထားပါနဲ့။ ကြွက်ရောက်လာရင် စိတ်ပျက်ပြီးပြန်သွားရလောက်အောင်  စားစရာနဲ့ပတ်သတ်ပြီး ဘာမှမရှိပါစေနဲ့။ (အပေါ်က နှစ်မျိုးမှလွဲ၍)
၃။ ညဘက် ဗိုက်ဆာပါက ရေပဲသောက်ပါ။ဘယ်လောက်ဆာဆာ ရေပဲသောက်ပါ။

လိုအပ်သော ပစ္စည်းများ

အဲဒါဆိုလေ့ကျင့်ခန်းစလို့ရပါပီ။ဘာမှ ထွေထွေထူးထူးမလိုပါဘူး။
လိုအပ်တာက တစ်ယောက်တည်းသမားဆိုရင် ကိုယ်လုံးပေါ်မှန်တစ်ချပ်။ အိမ်ထောင်သည်ဆိုရင် မိမိ၏ ခင်ပွန်းနဲ့ဖြစ်စေ၊ ဇနီးနှင့်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ သားသမီးများနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်သည်။(ကလေးမှာ အသက် ၇နှစ်မှ ၁၂ နှစ်အထိသာ)

လေ့ကျင့်ခန်းပြုလုပ်ရန်

၁။ ပထမဆုံးအနေနှင့် မှန်ရှေ့တွင် (သို့) တစ်ယောက်ယောက်ရှေ့တွေ ငုတ်တုတ်ထိုင်ပါ။ ထိုတစ်ယောက်ယောက်ကိုလည်း ထိုင်ခိုင်းပါ။(အော်မေ့လို့ ပုဆိုး၊ထဘီများအား ဘောင်းဘီတိုနှင့်လဲဝတ်ရန်)

၂။  လက်နှစ်ဖက်ကို ကွေး၍ ဘေးတွင်ကပ်ခါ ဘယ်ခြေအား ရှေ့တစ်ချက်တိုး၍ ညာခြေနောက်တစ်ချက်ဆုတ်ပါ။ ထိုအရာအား မြန်မြန်ဆန်ဆန်ပြုလုပ်ပါ။မြန်မြန်ဆန်ဆန်လုပ်ပါက သင်သည် အချိန် အနည်းငယ်တွင်းမှာပင် ချွေးများ ပျံလာပါလိမ့်မည်။ နောက်ဆုံး မတ်တပ်ပင် မထနိုင်တော့သည် အထိ လုပ်ပါက အလွန်ကောင်းသည်။

တစ်နေ့တစ်ကြိမ်လုပ်ရုံနှင့် တစ်လကြာပါက သင်သည် ခင်သန္တာသက်ချိုပြုံးမှ သွယ်သွယ်လျလျ ကိုယ်ခန္ဓာကို ရရှိမည်ဖြစ်သည်။


ထိုလေ့ကျင့်ခန်းမှာ မြန်မာအခေါ်အရ ကြက်ဖခွပ်ခြင်း ဖြစ်သည်။

ကြပ်ဖခွပ် ပြိုင်ပွဲဝင်နေကြစဉ် (ဓာတ်ပုံ - နေညွှန်း)


အသင်တို့ ကျနုပ်ရေးထားသည်ကိုနားမလည်ပါက သား၊သမီးများအား မေးမြန်းရန် အကြံပေးအပ်သည်။
ကြက်ဖခွပ်ခြင်းသည် မည့်သည်အရာမှ မလိုအပ်ချေ ကာပျုတွန်မလိုပါ။ဗီဒီယို မလိုပါ။ ပိုက်ဆံမကုန်ပါ။
အလွန်တရာမှ ကုန်ကျစရိတ်အလွန်နည်းသော အမှန်အကန် အဆီချနည်းဖြစ်သည်။ အိမ်ရှင်မများ အချိန်အနည်းငယ်ရှိရုံနှင့် အဆင်ပြေသည်။ ကိုကိုများအတွက်လည်း အဆင်ပြေသည်။

ဘီယာဗိုက်များပျောက်စေဖို့ ကြက်ဖနေ့တိုင်းခွပ်ကြစို့

ထို့ပို့စ်အား ဝိတ်ကျချင်သောသူများအတွက်ရေးသည်။

Ref : ဓာတ်ပုံအား http://www.yeyintnge.com/2010/01/blog-post_911.html ဘလော့မှ ယူထားပါသည်။

ကြက်ဖခွပ်ချန်ပီယံ
ရွှေမျှစ်ဝံ(ရွှေဓူဝံတပည့်)

02 February 2012

Let's Copy

ကော်ပီ = တစ်စုံတစ်ရာအား ပုံတူကူးချခြင်း

ကျနော် ကော်ပီ ဆိုတဲ့စကားလုံးကို သိခါစက အသက်ကငယ်ငယ်ပဲရှိဦးမယ်..
စသိတာကတော့ အိပ်ဘေးက “မိတ္တူကူးသည်” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဆိုင်ကြောင့်ပဲ။ ဖိုတိုစတက်လို့လဲ ပြောကြတယ်ဗျ။စက်ထဲကို စာရွက်လေးတစ်ရွက်ထည့် ခလုတ်လေးနှိပ်လိုက် ပြီးရင် ထည့်ထားတဲ့ စာရွက်နဲ့ချွတ်စွတ် တူတဲ့ နောက်တစ်ရွက်ထွက်လာတယ်.. အဲဒါကို ကော်ပီ ကူးတယ်။ နောက်နည်းနည်းကြာတော့ မိတ္တူ=ကော်ပီ=ဖိုတိုစတက် တူတယ်လို့ ယေဘုယျသိလာတာပေါ့။

အဲ အသက်နည်းနည်းကြီးလာတော့ သီချင်းတွေနားထောင်တတ်လာပီ။ အဲဒီမှာလဲ ကော်ပီ ဆိုတာသွားတွေ့တယ်။ အော်... ဒီကော်ပီကကော စက်ထဲကို သီချင်းတွေထည့်ကော်ပီကူးတာပဲလား။အဲဒီမှာ စကားလုံးတစ်လုံး ထပ်သိရတယ်။ အုန်းကျူး (own Tune)တဲ့။ အဓိပ္ပာယ်ကတော့ ကိုယ်ပိုင်ပေါ့။ အံမယ် ပြောမဲ့သာပြောတာ ကော်ပီတွေကပေါက်တယ်ဗျ။ ဟိုဂရုဆိုနာမယ်ကြီး။ ကော်ပီတွေလုပ်တာမှ တချို့ဆို တစ်ခွေလုံးကကော်ပီဗျာ။ ကော်ပီဆိုပေမဲ့လဲ ကူးတဲ့လူဘက်က အားစိုက်ထုတ်ရတာရှိပါသေးတယ်။ သီချင်းကော်ပီတွေတော့ သိပ်မပြောချင်ဘူးဗျာ.. ပြောရင်ဆုံးမှာ မဟုတ်လို့။ ဒါပေမဲ့ ကော်ပီ သီချင်းတွေမှာ ခရက်ဒစ် မပေးပါဘူး။ “ ဒီ သီချင်းရဲ့ သံစဉ်လေးကို ဒီသီချင်းက ကူးထားပါတယ်” စသဖြင့်ပေါ့။ မူရင်းအဆိုတော် သိရင် ဘယ်လိုနေမလဲ မသိ ကော်ပီသမားတွေကတော့ အေးအေးဆေးဆေးပါပဲ။

နောက်ပီ သီချင်းပြီးတော့ စာအုပ်လေးတွေ ဖတ်တတ်လာပီ။အဲဒီမှာတော့ ကော်ပီလို့ မတွေ့ရတော့ဘူး။ ကော်ပီတော့ကော်ပီ ဒါပေမဲ့ ဘာသာပြန် ကော်ပီ။ အင်္ဂလိပ်စာအုပ်တွေကို ကော်ပီပြန်ရေးတာ။ ဒါပေမဲ့ ကော်ပီလို့မခေါ်တာကတော့ ဘာသာပြန်က ခရက်ဒစ် အပြည့်အဝပေးပါတယ်။ မူရင်းစာအုပ်နာမည်၊စာရေးဆရာနာမည် အကုန်ပါပါတယ်။ အဲဒါကြောင့် ဘာသာပြန်လို့ခေါ်တာပါ။ တလောတုန်းက ကြားဖူးတာလဲ ရှိသေးတယ်။ ရှဲဒိုး(လူရွှင်တော်မဟုတ်ပါ) စာရေးဆရာတဲ့။ အဲဒါနဲ့စပ်စုကြည့်တော့ ကော်ပီထက်ဆိုးတယ်ထင်တာပဲ။ သူများရေးထားတာကို ဝယ်ပြီးတော့ ကိုယ့်နာမည် တပ်ပြီး ကိုယ်ရေးတာပါဆိုပြီး ထုတ်တာပါပဲ။အဲဒါမျိုးကို ဘာလို့ခေါ်ရမလဲ မသိတော့ဘူး..အကြံပေးကြည့်ပါဦး... :D

နောက်တော့ အသက်လေး နဲနဲရတော့ သူများတွေလို ဘလော့ရေးကြည့်တယ်။ဒီမှာလဲ ကော်ပီတွေထပ်တွေ့တယ်။တချို့က ကော်ပီယူတယ် ပြီးတော့ ခရက်ဒစ်ပေးတယ်။ တချို့က ကော်ပီယူတယ် ခ၇က်ဒစ်မပေးဘူး။ တချို့က ကော်ပီယူတယ် ခရက်ဒစ်မပေးဘူး သူ့နာမည်တပ်တယ်။

တလောက ရုပ်ရှင်တစ်ကား ဖေ့ဘုတ်က Movie Crazies ပေ့မှာရှဲထားတာတွေ့တယ်။ စာဖတ်သူအပေါင်းတို့လဲ သိမှာပါ Jason Statham နဲ့ Qi Shu တို့ပါတဲ့ ဇာတ်လမ်း The Tansporterကား ကိုသိကြမှာပါ။


ပုံကို ဂူးဂဲက ယူပါတယ်


အဲဒီနာမည်ကြီးကားကို ကျနော်တို့ မြန်မာပြည်က လူမင်းစတန်တန်နဲ့ရူးနဝရတ်ကြည် တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ကယ်ရီ ဆိုပြီး ပြန်လည်ဆန်းသစ်ထားပါတယ်။ဓာတ်ပုံတချို့တင်ပေးထားပါတယ်။


မူရင်ကားမှမင်းသား Jason Statham ရဲ့ ဘော်ဒီနဲ့ မြန်မာကား Carry မှာ မင်းသားက ဒီလိုသူ့ဘော်ဒီကို ကြွားခဲ့ပါတယ်။


မင်းသမီးရေသောက်ဖို့အတွက် မူရင်းကားမှာ သေသေချာချာ လက်နဲ့ ကိုင်ပြီး ဓါးနဲ့ ခွဲပြပေမယ့် မြန်မာကားမှာတော့ ဓါးနဲ့ ပါးစပ်က ပလာစတာကို ဖောက်ပြတာ မပြဘူး။ ဓါးနဲ့ထိုးလိုက်တဲ့ အတိုင်းပဲ  

ဓာတ်ပုံများ ဆက်လက်ကြည့်ရှုလိုပါက ဒီမှာ ကလစ်ပါ။ဓာတ်ပုံတွေကို Movie Crazies ကယူပါသည်။


စာရွက်ကို ကော်ပီကူးမယ်။
သီချင်းကို ကော်ပီကူးမယ်။ 
လူ့အသုံးအဆောင်ကို ကော်ပီကူးမယ်။
သူများရေးတဲ့စာကို ကော်ပီကူးမယ်။
ရုပ်ရှင်ကို ကော်ပီကူးမယ်။
တို့လူမျိုးများ တယ်ကော်ပီကူးပါလား။(အားလုံးမဟုတ်ပါ.. တချို့သော လူများသာ)


ကျနော်လဲ ကော်ပီကူးခဲ့မိမှာပါ။ ဒါပေမဲ့ တတ်နီုင်သလောက် ခ၇က်ဒစ်ပေးပါတယ်။ အပေါ်က ရုပ်ရှင်လိုမျိုးကျတော့ နာမည်တောင် ကော်ပီပါခင်ဗျာ။ကူးနိုင်တဲ့ အချိန်မှာကူးပြီး တချိန်ချိန်ပြဿနာပေါ်ခဲ့ရင် ငါမသိဘူး လုပ်လို့်မရဘူးဆိုတာ ဒင်းတို့ သိမှ သိပါလေစ။ ကျနော်တို့တွေ နိုင်ငံခြားသား သူငယ်ချင်းတွေကို သီချင်းတောင် ဖွင့်မပြရဲတဲ့အခြေအနေကနေ ရုပ်ရှင်တောင် မပြရဲတဲ့ အခြေနေကို ရောက်ရှိတော့ပါမည်ခင်ဗျာ...


ကော်ပီ ကင်း၍ အုံးကျုးများ တီထွင်နိုင်ကျပါစေ...


မျှစ်