05 July 2011

ဝချင်သလား ပိန်ချင်သလား...

“ဒီမှာ ကိုရွှေခါးကျနော်ကဝိဇ္ဖာဖြစ်ချင်တာဗျ။”
“ကိုမြသာ ကျနော်က ခင်ဗျားကို ဝိတ်ဇာ ဖြစ်မည့်နည်းလမ်းတော့မပြောပြတတ်ဘူး။ မဖြစ်မည့်နည်းတွေတော့ပြောပြမယ်...”
“ဟာ ကိုရွှေခါးကလဲ မဖြစ်မည့် နည်းလမ်းပြောပြလို့ဘာလုပ်ရမှာလဲ...ဖြစ်မြောက်အောင်မြင်မည့် နည်းလမ်းတွေပေးလေဗျာ...”
“ခင်ဗျားကတယ်ညံတာပဲဗျ ..ဒီမှာမဖြစ်မည့်နည်းလမ်းတွေ သိမှ အဲဒါတွေကိုရှောင်ပြီး ဖြစ်မည့်နည်းလမ်းတွေရမှာပေါ့ဗျ”
(မြေလျှောက်ဝိတ်ဇာ ရွှေမြသာ စာအုပ်မှ)
~~~~~~~~~~~@@~~~~~~~~~~~~~~~~~~~~~~~~@@~~~~~~~~~~~~~~~






ကျနော်လဲခင်ဗျားတို့ကိုပိန်အောင်နည်းလမ်းတွေပြောပြပီးပီ။ အခုတော့ ဝအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ်။
ဥာဏ်ရှိသလို သုံးကျပေတော့။

၁။ စားပါ။ ပက်ပက်စက်စက် စားပါ။

ခင်ဗျား ဝလို့လှလို့ ဖြစ်ချင်တယ်ဆို ရင်တော့ ပက်ပက်စက်စက်စားဖို့လိုမယ်နော့။ မနက်မိုးလင်းတာနဲ့ သူတောင်းစား ထမင်းငတ်ပြီး စားသလိုစားပါ။ ခွေးအိုကြီး ထမင်းငတ်နေသလိုစားပါ။မနက်စာကိုနည်းနည်းစားပါ။ ဒါမှ နေ့လည်စာ များများစားနိုင်မည်။ ညစာကိုတော့ပြောစရာမလိုပေ။ တတ်နိုင်ပါက ဝက်သားအဆီကိုဆီများများနှင့်ချက်၍ ထမင်းကြော်နှင့်စားပါ။ ည ကိုးနာရီနောက်ပိုင်း စားနိုင်ပါကပိုကောင်းသည်။ သင်သည် အချိန်တိုအတွင်း ဝက်ပျိုမလေးကဲ့သို့ဖြစ်လာမည်။

၂။ Junk Food (or) Fast Food များများစားပါ။

KFC၊ မက်ဒေါ်နယ် စတဲ့အစားအစာတွေဟာ သင့်ကို အချိန်တို အတွင်းဝိတ်တက်လာစေနိုင်ပါတယ်။ကြက်ကြော်နဲ့ကိုကာကိုလာ ဟာသိပ်ကောင်းသလို အရသာလည်းရှိကာ ဝိတ်လည်းမြန်မြန်တက်ပါတယ်။သင့်မှာနေ့လည်စာအတွက် အချိန်မရှိဘူးဆိုရင် KFC ကဝိတ်တက်ဖို့အကောင်းဆုံးနည်းလမ်းပါ။

၃။ တခါစားရင် ၁၀မိနစ်ပဲစားပါ။

အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၁၀ ကြာအချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးမစားဘဲ ထမင်းမစားရတာ တစ်ပတ်လောက်ရှိပြီဖြစ်တဲ့ သူတောင်းစားလိုစားပါ။ အဲဒါဆို အများကြီးစားဝင်ပါတယ်။အစားအ သောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။ဒါကြောင့်သင်ဝလာမှာ အမှန်ပါပဲ။

၎။ “ဟင်းသီးဟင်းရွက် စားပါလား” နိုး နို နိုး မစားရပါ။

အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက်ကို နည်းနိုင်နည်းအောင်စားပါ။ အားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းနဲ့ အဆီကိုများများစားပါ။အသီးရွက်မစားရင်လည်း ကျန်းမာရေးမကောင်းမှာဖြစ်တဲ့အတွက်နည်းနည်းပဲစားပါ။


၅။ အချိုရည်များများသောက်ပါ။

အချိုရည်သောက်ပါ။ ကိုကာကိုလာ ဟာဝိတ်တက်စေဖို့ အကောင်းဆုံးပါပဲ။ ကယ်လိုရီတွေများများပါတဲ့ အတွက် သင့်ကိုဝလာစေမှာအမှန်ပါ။

၆။ ဘီယာသောက်ပါ။

ဘီယာ၊ အရက်စတဲ့ ယမကာ တွေဟာ လူကိုဝစေနိုင်ပါတယ်။ ဘီယာ သောက်ရင် ဗိုက်ရွှဲမယ်ဆိုတာ လူတိုင်းသိတဲ့အတွက် အထွေအထူးမပြောတော့ပါဘူး။ အရက်သောက်ရင်တော့ အစားသောက်တွေကို များများစားမိစေနိုင်ပါတယ်။ ထို့ပြင် ကယ်လိုရီတွေကြောင့်လည်း ဝိတ်တက်လာနိုင်ပါတယ်။

၇။ သူများပြောတာတွေကို နားမယောင်ပါနဲ့

သူများတွေက ဝရင်မကောင်ဘူး ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောပါလိမ့်မယ်။ နားမယောင်ပါနဲ့။ မြန်မာ စကားမှာ “ ဝလို့ လှလို့ ဆိုတာပဲရှိပါတယ်”။ ပိန်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။


၈။လေ့ကျင့်ခန်း

လုံးဝ မလုပ်ရပါ။ တတ်နိုင်လို့ လမ်းထိပ်သွားစရာ ရှိရင် ဆိုင်ကယ်ရှိ ဆိုင်ကယ်နဲ့သွားပါ။ ကားရှိကားနဲ့သွားပါ။ စက်ဘီးစီးခြင်း လမ်းလျှောက်ခြင်း များအား တတ်နိုင်သရွှေ့လျော့ချပါ။

အကျနုပ်၏ နည်းလမ်းများအားသင့်ယုံကြည်စွာ လိုက်နာပါက သင်သည် လူတကာငေးမောကြည့်ရှုရသော ဝဝကစ်ကစ်လေး အဖြစ်သို့ပြောင်းလဲလာမည် ဖြစ်သည်။ ထို့ပြင် သင်သည် အဆိုတော်လုပ်မည်ဆိုက လတ်တလော နာမည်ကြီးနေသော ဗီဗာဟိန်းကဲသို့ လှုပ်လှုပ်ပြီးကပါက သင်သည် အောင်မြင်သော အဆိုတော် ဖြစ်လာမည်။

ကဲ......စားလိုက်ကြစို့နော်.

ပုံက ဂူးဂဲကပါ။


ကိုထွဋ်
၀၅.၀၇.၂၀၁၁

10 comments:

မောင်မျိုး said...

ဝတော့ ၀ချင်ပါရဲ့ ဒါမဲ့မင်းပြောသလို သူတောင်းစား စားသလိုတော့မစားချင်ဘူးး( တစ်မျိုးကြီးပဲ ။

mstint said...

ကိုထွဋ်ရေ ဝလာတာကနောက်မှ လောလောဆယ်တော့ အဆီပိတ်သွားနိုင်တာ အသေအချာပါပဲကွယ်။ 'တန်ဆေးလွန်ဘေး' ဆိုတဲ့ဆောင်ပုဒ်လေးကို သတိရမိလို့ပါး) ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

ကျင့်သုံးကြည့်ဦးမှ...ဟား ဟား...
ကျန်းမာပျော်ရွှင်ပါစေနော့...

မအိမ်သူ said...

စမ်းကြည့်ရဲဘူး.. မ၀ခင် ဂန့်သွားနိုင်တယ်.. လှလှပပ လေးဘဲကြိုက်ပါတယ်။ လှလှ၀၀ လေးတော့ မဖြစ်ချင်ပါ.. :P

မိုးယံ said...

အင်......

ဝ ချင်ရင်တောင် သူတောင်းစားလို စားရမတဲ့... ၀ဖြိုးနေတဲ့ သူတောင်းစား အခုထိ မမြင်ဖူးသေးဘူး။

တစ်ချို့ကျ ပြိတ္တာလောက်စားတာတောင် ၀က်ဆင်ကြီးလို ၀နေသဗျ...

ကျုပ်တော့ဗျာ.... ညနှစ်ပန်းကန် နေ့လည် နှစ်ပန်းကန် မနက် တစ်ပန်းကန်...ဒီကြားထဲ ကြုံရင်ကြုံသလို စားတာတောင် ဗိုက်ကြီးပူ ဂုတ်ကြီးတိုလာလို့ စိတ်ညစ်နေရပါဂျောင်း။

ညိမ်းနိုင် said...

အော်....သိပြီ...သိပြီ.....ဒါ မျှစ်စို့ကြီးလို ဝဝဖြိုးဖြိုးဖြစ်လာ
နိုင်တဲ့ ကိုယ်တွေ့ ဝ နည်းပေါ့လေ....:D

ဖြိုးမောင်မောင်(CTM) said...

သူကအဲဒီနည်းတွေအတိုင်းစာသောက်လို့နေမှာပေါ့......လှလို့ ဝလို့  :D:D

Angelhlaing(May everybody be happy and healthy! said...

တော်တော်ဆိုးတဲ့ အကိုပဲ...:):)

...အလင်းစက်များ said...

ဒင်း...... အဲ့လိုစားခဲ့လို့ ဒီလို ခံဓါကိုယ် ဖြစ်နေတာ ....။ သေဖော် မညှိနဲ့  ငမျှစ်....။ :))))

စံပယ်ချို said...

လှပ သူများအားလုံးပိန်သည်
(jasmine စကား)
ကျွန်မ ပိန်လို့ပါ။ ။