25 January 2012

သရဲနှင့်လိမ္မော်သီးစားသူများ...

သူမသည် ဤအခန်းတွင်နေသည်မှာ ကြာလေပီ။ သူမအား မည်သို့ပင် ဖယ်ခိုင်းခိုင်း သူမ မသွားချေ။ သူမသည် ဤအခန်းကိုချစ်သည်။ သူမသည် ဤအခန်းကို မည်သူမှလာနေမည်ကိုသဘောမကျချေ။ ထို့ကြောင့် လာနေသမျှလူ အားလုံးကို သူမသည် ခြောက်လှန့်ကာ မနေနိုင်အောင် လုပ်ပစ်လေသည်။ထို့ကြောင့် လူသိပ်မနေရဲချေ။

အော်..မေ့လို့ သူမသည် သရဲတစ်ကောင်ဖြစ်သည်။ တိတိကျကျ ဆိုရသော် အပျိုဂျီးသရဲဖြစ်သည်။

~~~~~~@@~~~~

တစ်နေ့သ၌.. အခန်းသို့ ဖြုဖြုချောချော ကောင်လေးနှင့် အနည်းငယ်ပြည့်သော(ဝသည် ဟုမရေးချင်သဖြင့်) ကောင်မလေး တစ်ယောက်တို့ပြောင်းလာသည်။ ကောင်လေးကို မြင်မြင်ချင်း သူမသည် အပျိုဂျီးပီသစွာ ရင်ခုန်လေသည်။ ကောင်လေး သွားရာနေရာတိုင်းကို သူမ လိုက်ကြည့်မိသည်။(ရေချိုးခန်းမပါ.. :D) ကောင်မလေးကိုမူကြည့်မရချေ။ထို့ကြောင့် ညဘက်ရောက်လာသောအခါ သူမရှိကြောင်းကို နည်းနည်းသိအောင်ပြ၏။ သို့သော် မမူချေ။ ဂရုတောင် မစိုက်ချေ။ ကောင်မလေးသည် ကောင်လေးကို အနည်းငယ် နိုင်ဖွယ်ရှိသည်။ သူတို့ပြောစကားများ အရ ကောင်မလေးသည် ကောင်လေးနဲ့အတူနေမည်မဟုတ်ဘဲ နှစ်ပတ်တခါ ပိတ်ရက်တွင်သာ လာလည်မည်ဟုသိရသည်။ သို့နှင့် အပျိုဂျီးရင်ထဲတွင် ဖိုးကျိုင်တုတ် ဖြစ်သွားသည်။ နောက်ထပ်တစ်ရက်ခန့်ကြာသော် ကောင်မလေးသည် ပြန်သွားတော့သည်။

ထိုနေ့မှ စ၍ သူမနှင့်ကောင်လေးသာ ကျန်တော့သည်။ ကောင်လေးသည် နေ့တွင်အိမ်တွင်နေ၍ ညတွင်အလုပ်လုပ်သည်။ ညဘက်များတွင် သူမသည် အလွန်ပျင်းမိသည်။ ကောင်လေး၏ ချောမောသော မျက်နှာကို မမြင်ရ၍ဖြစ်သည်။ နေ့ဘက်တွင်တော့ ကောင်လေးသည် အလုပ်မှပြန်လာသောအခါ မောမောနှင့် ရေချိုး၍ အိပ်သည်သာ ဖြစ်သည်။ ထို့အချိန်တွင် သူမသည် ကုတင်ဘေးတွင်ထိုင်ကာ ကောင်လေး၏ မျက်နှာကို တစိမ့်စိမ့် ကြည့်မြဲဖြစ်သည်။ ဘဝချင်းခြားနေ၍ မဖြစ်နိုင်စေကာမူ ကောင်လေး၏ မျက်နှာကို မြင်ရခြင်းသည် သုခပင်ဖြစ်သည်။ ကောင်လေး ပြောင်းသွားမည်ဖြစ်၍ သူမသည် ခြောက်လှန့်ခြင်းလည်း မလုပ်ချေ။

ထို့နှင့် နှစ်ပတ်တာ ကာလကျော်လွန်၍ ကောင်လေး အလွန်ပျော်နေသည်ကို တွေ့ရသည်။ အကြောင်းမှာ သူ၏ ကောင်မလေး လာမည်ဆိုသောကြောင့်ဖြစ်သည်။ ကောင်မလေးေ၇ာက်လာပေသည်။ ရောက်လာသည့် အချိန်မှစ၍ ဟိုဟာစားမည် ဒီဟာစားမည် စသည်ဖြင့် ပူစာလေသည်။ ကောင်လေးသည် လည်း နေ့အချိန်တွင် အိမ်မကပ်တော့ဘဲ ကောင်မလေးနှင့် အပြင်ထွက်နေသဖြင့် သူမသည် ကောင်လေး အား ကောင်းမွန်စွာ မငမ်းရတော့ပေ။ထို့ကြောင့် သူမသည် ကောင်လေးမရှိသောအချိန်တွင် ကောင်မလေးအား အနည်းငယ် ပညာပြလိုက်မိသည်။ ကောင်မလေး အနည်းငယ်လန့်၍ ကောင်လေးအား ဖုန်းဆက်၍ အကျိုးအကြောင်းပြောပြသည်။ သို့သော် ကောင်လေးက မယုံချေ။ သူမသည် တစ်ခါသာ ပညာပြပြီးနောက် အသာနေလိုက်သည်။ သို့နှင့် ကောင်မလေးလည်းပြန်သွားချေသည်။

ထိုသို့နေ၍ သုံးလခန့်ကြာသော် တရုတ်နှစ်သစ်ကူးသို့ ရောက်လာလေသည်။ ကောင်မလေးသည် ကောင်လေးအား ဖုန်းဆက်၍ သူအလုပ်မှာ ၅ရက်ခန့်ပိတ်ကြောင်း ကောင်လေးနှင့်လာနေမည်ဟုပြောသည်။ သူမသည် အလွန်ညစ်သွားသည်။ ထို့ပြင် ကောင်လေးသည်လည်း အလှုလုပ်ထားသဖြင့် ပိုက်ဆံနည်းနေသည်။ မည်သို့ကြံရမည်နည်းဟုတွေးနေစဉ် ကောင်လေးသည် အိပ်ပျော်သွားချေသည်။ ထို့နောက် အိမ်မက် မက်လေသည်။ ထိုအိမ်မက်မှာ သူ၏ကောင်မလေးသည် ဝိတ်ကျချင်သဖြင့် လိမ္မော်သီးများစားသည်ဟု အိမ်မက်မက်လေသည်။ အိပ်ရာမှနိုးသော် ချက်ချင်းပင် လိမ္မော်သီး နှစ်ဖာ ဝယ်၍ထားလိုက်သည်။

သို့နှင့် ကောင်မလေးေ၇ာက်ရှိလာချေသည်။ ကောင်လေးသည်လည်း ကောင်မလေးအား ဝိတ်ကျစေချင်သဖြင့် လိမ္မော်သီများ ဝယ်ထားကြောင်း ၊ အချစ်စားစေချင်ကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေအောင်ဖြီးရာ ကောင်မလေးလည်း တောင့်မခံနိုင်တော့ဘဲ လိမ္မော်သီများကိုစားလေသည်။

ထိုအချိန်တွင် သရဲ အပျိုဂျီးမှာ သူလွတ်လွတ်လပ်လပ် မငမ်းရတော့သဖြင့် ရေလည်ပေါက်ကွဲနေသည်။ ကောင်မလေးသည် ကောင်လေး အလုပ်သွားသောအခါ လိမ္မော်သီးများကို တီဗီရှေ့တွင် ပုံပုံကြီးထိုင်ကာ ပလုပ်ပလောင်းစားနေသည်။ ထိုအချိန်တွင် သရဲမက ဧည့်ခန်းတွင်ထားသော ပန်းအိုးကို တိုက်ချ၍လည်းကောင်း၊နံရံတွင်ချိတ်ထားသော ဦးထုပ်ကို လွင့်စေ၍လည်းကောင်း ခြောက်လှန့်လေသည်။ ကောင်မလေးလည်း အနည်းငယ် လန့်စ ပြုလာသည်။ ထို့ကြောင့် စောင်ကိုခြုံ လိမ္မော်သီးများကို ဗိုက်ခေါက်ပေါ်တွင်တင်ကာ ကောင်လေးကို  ဖုန်းဆက်လေသည်။ ကောင်လေးမှလည်း မကြောက်ရန်ပြောကြားပီး ဘုရားစ ရွတ်နေ၇န်ပြောလေသည်။ သူမကလည်း ကောင်မလေးအား ပိုမိုကြောက်စေ၇န် ကိုယ်ထင်ပြလိုက်သည်။ အနည်းငယ် ပြသည်ဖြစ်သော်လည်း ကောင်မလေးသည် အကြောက်လွန်ကာ စောင်ကိုခေါင်းမြီးခြုံကာ အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့နံနက်၌ ကောင်လေးအားပြောသည်။ ကောင်လေးကလဲ ငါတစ်ယောက်တည်းနေတုန်းက ဘာမှမဖြစ်ဘဲ နင်ရောက်လာမှ ဖြစ်တာဟုပြောသည်။ ထို့နောက် ကောင်မလေးသည် ဒံပေါက် စားချင်သည်ဟု ပူစာသည်။ ကောင်လေးကလည်း အိပ်ချင်သော်လည်း ကောင်မလေး စိတ်ကျေနပ်စေရန် လိုက်ကျွေးလေသည်။ သို့သော် လိမ္မော်သီး အစွမ်းကြောင့် အများကြီးမစားနိုင်ချေ။ သို့နှင့် ဘာမှမလုပ်နိုင်ဘဲ အိမ်သို့ပြန်လာကြသည်။

ကောင်မလေးသည် လိမ္မော်သီးဒဏ် ၊ သရဲမ အပျိုဂျီးတို့ဒဏ်ကို ပက်ပက်စက်စက် ခံစားနေရသည့်အပြင် သူမအင်မတန်ကြိုက်နှစ်သက်သော ဒံပေါက်ကိုလည်း အစိလိုက်သာ မျိုရသဖြင့် ရေရေလည်လည်ပေါက်ကွဲနေသည်။ ကောင်လေးကတော့ မသိချေ။ သူက အိပ်ပျော်နေပီဖြစ်သည်။

ထို့နှင့်ကောင်မလေးသည် မီးဖိုချောင်ဘက်သို့ထွက်လာခဲ့သည်။ အပျိုဂျီးကလည်း ကောင်မလေး မီးဖိုချောင်ထဲသို့ရောက်သောအခါ ရေချိုးခန်းကို ဖွင့်ပြသည်။ ရေကျသံများဖန်တီးပြသည်။ ကောင်မလေးမှာ အနည်းငယ် လန့်လာသောကြောင့် သရဲမဂျီးအား ပြန်၍ အော်ဟစ်ခြင်း ဗီဒိုများကို ဆောင့်ကန်ခြင်း စသည်တို့ကို ပြုလုပ်လေရာ ကောင်လေး လည်း လန့်နိုးလာကာ ဤသို့မပြုလုပ်ရန်တားဆီးလေသည်..

ထို့နောက်တွင် ကောင်မလေးလည်းကြောက်လန့်သဖြင် အိပ်ရာလိပ်ကိုပိုက် လိမ္မော်သီးကို နှိုက်ကာ ကောင်လေး အလုပ်ရှိရာသို့ လိုက်အိပ်တော့သည်။ ထို့နောက် သူမသည် ကြောက်သဖြင့် မနေရဲတော့ချေ...


အပျိုဂျီးမှာလည်း ကောင်မလေးအားကြည့်မရသဖြင့် ခြောက်လှန့်လေသည်။ သို့သော် ထူးခြားချက်မှာ ကောင်လေးကို မခြောက်ဘဲ ကောင်မလေးကိုသာ ရွေးခြောက်ခြင်းသာဖြစ်သည်...နောက်ဆုံး ကောင်မလေးမှာ မခံနိုင်သဖြင့် ဓာတ်တော်များကို အခန်းသို့ပင့်လာသည်ဟု သိရသည်။ နောက်ဆုံးတွင် သရဲ အပျိုဂျီးမှာ ကြောက်ရွံသဖြင့် အခန်းအပြင်ဘက်သို့ ထွက်နေရလေသည်..

အသင်သည် တစ်နေရာရာသို့ သွားသောအခါ.. အခန်းအပြင်ဘက်မှ အခန်းတွင်းသို့ ချောင်းကြည့်နေသော အမျိုးသမီးတစ်ယောက်နှင့် အခန်းထဲတွင် ကောင်လေး ချောချော အားတွေ့ပါက....... သူတို့သည်.............မည်သူများဖြစ်မည်ကို အသင်တို့သိကြမည် ဖြစ်ပေသည်......r.r.. မrnf......မည

(ရေးရင်းနဲ့ ဘာမှန်းမသိတော့လို့ ဘာမှန်းမသိဘဲ ဇာတ်သိမ်းလိုက်တယ်..)
ဤပို့စ် ဖြစ်မြောက်အောင် အင်ဖော်မေးရှင်း အချို့ ကူညီခဲ့သော အကို တစ်ဦးအား အလွန်ပင် ကျေးဇူးတင်ရှိပါသည်... ဘူလဲဆိုတာ လာဘ်ပေး မေးမြန်းနိုင်သည်။

သည်းခံဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါ...

ငထွဋ်
၂၅.၀၁.၂၀၁၂






9 comments:

ညိမ်းနိုင် said...

အိမ်း.......သရဲအပျိုဂျီးကား ဤသို့လုပ်သင့်ပေသည်...၊
လုပ်သင့်ပေသည်....:P

Candy said...

ဟဟဟ... လိမ္မော်သီးတွေ ပေါ်ပြူလာဖြစ်နေတယ်ဟေ့.. စိုးရိမ်မိတယ် ကောင်မလေး ခုဝမ်းများလျောနေပီလား ဟိဟိ

မဒမ်ကိုး said...

ခံစားရသဟေးးခံစားရသဟ
ရက်စက်မှု့အသင်္ချေနဲ့ ဟင့်


အဲအပျိုဂျီးကိုလား ဂျိုင်းမွှေးမီးတိုက်ပြီး မောင်းထုတ် အဲလေ ကြက်မွှေးမီးတိုက်ပြီးမောင်းထုတ်လိုက်ပီ
ရှိတော့ဝူးး)

ကိုရင် said...

နောက်ကျောက ဓါးချက်တွေကို မြင်ရဲ့လား...

အနေအထိုင် မသေသပ်တော့ ပါပါရာဇီ လက်ချက် မိပီပေါ့..:D

AH said...

လိမ္မော်ချစ်သည်းရှင်.... ဇတ်လမ်းလေးပါလားနော်....

blackroze said...

အဲတာဘူလဲဆိုတာ ပစ်ပစ်သိတယ်..

မောင်ဘုန်း said...

အင်း အပျိုးများ သရဲ ဖြစ်တာတောင် ...အဲ့လို တွေ လုပ်တက်တယ် နော် .....

Mrs. Bagel said...

အစ်မဒိုးကန်ကို မန့်တဲ့ လိမ်မော်သီးဇာတ်လမ်း အခုမှဇာတ်ရေလည်တော့တယ်။ နောက်ဆိုတွဲတွဲပြီးဖတ်မှပဲ။ :D

Z@! said...

ဖတ်ရင်း ဖတ်ရင်းနဲ့ တစ်ခုခုတော့ တစ်ခုခုပါလို့ ထင်နေတာ ..
ကောင်မလေးပေါက်ကွဲတဲ့အခန်းရောက်တော့ ထင်မိတယ် အစ်မဒိုးကန်လားမသိဘူးဆိုပြီး.. ကွန်မန့်တွေ ဖတ်ကြည့်လိုက်တော့မှပဲ သေချာသွားတယ်..