28 April 2011

ယောက်ျားမာယာများ...

မိန်းမမာယာ သဲကိုးဖြာ ဆိုတာ ကြားဖူးလား.. သူတို့ကပဲယောက်ျားတွေကိုကျတော့ မန်ကျီးကိုးပင်တဲ့။ ဒီသီချင်းကြားဖူးလား။ “မောင် တို့ယောက်ျားတွေများကျတော့မန်ကျီးပင်ကို လျောက်ပါလို့ရယ် လိမ်လည်လှည့်ဖျား ဥာဏ်များလှပါတယ်” ဆိုတာလေ။။


တကယ်ပါဗျာ။ ယောက်ျားတွေမှာ မာယာရှိတယ် ဒါပေမဲ့နည်းတယ်။ ၉ မျိုးထဲပါ။ အဲဒါတွေက


၁) အမျိုးဂုဏ်ပြခြင်း
    ငါ့အဖေက ဘယ်သူ၊ ငါ့အဘိုးကဘယ်သူ လို့ပြောပြသူတွေပေါ့။


၂) ပညာဂုဏ်ကိုပြခြင်း
    ကျနော်က အင်ဂျင်နီယာဗျ။ ကျနော်က ဆရာဝန်ဗျ ဆိုတာမျိုးတွေပေါ့ဗျာ..


၃) ပစ္စည်းဂုဏ်ကိုပြခြင်း
    ကျနော်ပိုင်တာက ဘယ်လောက်ရှိပြီ ဆိုတာမျိုးတွေပေါ့။


၎) ဝမ်းနည်းဝမ်းသာပြုတတ်ခြင်း
    သနားလိုက်တာဆိုရင်ကို ယောက်ျားမာယာတစ်မျိုး လို့မှတ်လိုက်ပေါ့။


၅) အစဉ်မပြတ်နောက်ယောင်ခံခြင်း။
    နောက်က တကောက်ကောက်လိုက်နေတဲ့ ကောင်လေးကလည်း မာယာနဲ့ပေါ့။


၆) အစားအသောက်များ လက်ဆောင်များ ပေးကမ်းချင်း
    ဒေါ်ဒေါ်ဖို့ ဦးလေးဖို့ အန်ကယ်ဖို့တို့ ဆိုပြီးလက်ဆောင်တွေနဲ့ အိမ်ရောက် လာတက်တဲ့ကောင်လေးကလည်း မာယာသုံးတာပါပဲ။


၇) မြှောက်ပင့် ချီးမွမ်းတတ်ခြင်း
   မယ်ကုဝဏ်တို့ ၊ ငါးခြောက်ဖုတ်တို့ရေ သတိထား၊ မလှဘဲနဲ့လဲ လှတယ်လို့ဆိုလာလိမ့်မယ်နော်


၈) အဝတ်အစားပြောင်းလဲဝတ်ချင်း
   တစ်နေ့တည်းကို အဝတ်အစား နှစ်မျိုး၊သုံးမျိုး ဝတ်တာကလဲ မာယာပါပဲ။

၉) ကိုယ်ကာယ တောင့်တင်း ကျန်းမာခြင်းကို ပြခြင်း။
    ရက်ကွက်ထဲက မောင်ဗမာတွေကလည်း စွတ်ကျယ်ချိုင်းပြတ်နဲ့ လမ်းသလားပြတာဟာလည်း မာယာပါပဲ။


ကဲ..ကျနော်တို့ကော ဘာမာယာတွေ သုံးကြမလဲ...:P


မိန်းမမာယာကတော့ ဆက်ရန်ပေါ့။နောက်ကျရင်တင်ပေးပါ့မယ်....


ကိုထွဋ်
၂၈.၀၄.၂၀၁၁






 
   

26 April 2011

ဌက်ပျောသီး၏အကျိုးကျေးဇူးများ..




ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။
 
စိတ်ဖိစီးမှု
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

 
အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
 
ပျို့အန်ခြင်း
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
 
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။


အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။


အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။
ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။
ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။


ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
 ငှက်ပျော်သီးတွေဟာ  ယေဘုယျအားဖြင့်တော့ အာနိဒင်တူညီကြပါတယ်  ထို့ကြောင့်အဆင်ပြေပြေရနိုင်တဲ့အသီးကိုအသုံးပြုနိင်ပါတယ်။


Ref: Forward Mail

ကိုထွဋ်
၂၆.၀၄.၂၀၁၁

24 April 2011

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ


ကျနော်တို့မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။


ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။

ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။  ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။  ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။

ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။

လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။

ဖော်ဝပ်မေးကပါ။

ကိုထွဋ်

12 April 2011

ထိုင်ခုံ

ကျနော့်နေတဲ့ နေရာကတော့ ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး။ပန်းခြံလေးတစ်ခုထဲက သစ်ပင်လေးတစ်ပင်အောက်မှာပဲ ကျနော်နေတယ်။ ကျနော် ကိုသတိပြုမိတဲ့လူတွေရှိသလို သတိမပြုမိတဲ့လူတွေလဲရှိတယ်။ တချို့တွေက ကျနော်ပေါ်မှာ ထိုင်ပြီး အနားယူကြတယ်။ တချို့ကျတော့လည်း ဆော့ကြတာပေါ့ဗျာ ကလေးတွေကိုး။

ကျနော်ပုံစံကိုပြောရရင် ဆေးရောင်မှိန်မှိန်ပဲ ကျန်တော့တယ်ဗျ။ အရင်တုန်းကတော့ လှတာပေါ့ဗျာ ဆေးရောင်စုံနဲ့လှမှလှ ခင်ဗျားတို့ကို မြင်ဘူးစေချင်တယ်။ ကျနော် ညီအကိုတွေလဲရှိတယ်။ ကျနော်တို့ ရှိတဲ့နေရာကို လူမျိုးပေါင်းစုံ ၊ စရိုက်ပေါင်းစုံ၊ ဘဝပေါင်းစုံလာကြတယ်။

လူတွေဟာ ကျနော်ကိုတွေ့တော့ညောင်းတယ်ဆိုပြီးထိုင်ကြတယ်။ ပြီးတော့ သူတို့ အငြိမ်မနေဘဲ ကျနော်ကို ဖျက်လိုဖျက်စီးလဲ လုပ်သွားကြသေးတယ်။ တချို့တွေက ကျနော်ကို ဓားနဲ့ခြစ်တယ်၊ ဓားနဲ့သူ့နာမည်ထွင်းတယ်။ သမီးရည်းစားတွေက အဆိုးဆုံးပေါ့ဗျာ။ ရန်ဖြစ်ပြီး နှုတ်ခမ်းချင်းလဲကိုက်ကြတယ်။ မဖွယ်မရာတွေလဲ ပြောကြတယ်ဗျာ။ ကျနော်ဖြင့်နားရှက်လိုက်တာ လွန်ပါရော။ ကော်ရက်ရှင်ပန်လေးတွေနဲ့ အသည်းပုံလေးဆွဲ နာမည်ရေးနဲ့ ပျော်နေကြတာပဲ။ ကျနော်မှာတော့ ညစ်ပတ်သွားရတယ်။ တဖက်သားကိုထိခိုက် ပြီးမှပျော်ရမယ်ဆိုရင် တရားပါ့မလား။

ကျနော်က ထိုင်ခုံတလုံးပဲ။ ဒီနေ့အထိ ကျနော်အပေါ်မှာ ထိုင်သွားခဲ့တဲ့လူတွေအများကြီးပဲ။ လူတန်းစားပေါင်းစုံ အဆင့်အတန်းပေါင်းစုံပဲ ဒါပေမဲ့ အားလုံးအတွက် တူညီတဲ့ရလဒ်က တခုတည်းပဲ။ အဲဒါက ဒီမှာ သူတို့ထိုင်ပြီး အချိန်တန်ရင် သူတို့ထွက်သွားကြရမှာပဲ။ အဲဒါနဲ့များ တချို့လူတွေဟာ ဘာဖြစ်လို့ ဒီထိုင်ခုံက လွဲရင်မထိုင်ဘူး ဆိုပြီးဘာလို့ဖြစ်နေကြပါလိမ့် လို့ကျနော်တွေးနေမိတယ်။

ထိုင်ခုံတစ်လုံးအတွက်တော့ သူအပေါ်မှာထိုင်မဲ့သူကို  ရွေးချယ်ခွင့်မရှိပါဘူး။ သူအပေါ်မှာ ထိုင်တဲ့လူက လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ သူခိုးလဲဖြစ်မယ်။ ဖြောင့်မတ်မှန်ကန်တဲ့ လုတစ်ယောက်လဲ ဖြစ်မယ်။ ဘာတွေပဲဖြစ်နေပါစေ ကျနော် အတွက်တော့ ရွေးချယ်စရာမရှိပါဘူး။

ဟော...ပြောရင်းနဲ့ မိုးတောင်ချုပ်လာပြီ။ မီးရောင်မှိန်မှိန်လေး ထဲမှာ ကျနော်တစ်ယောက်တည်းကျန်ခဲ့ရတော့မယ်။ လူတစ်ယောက်မှလဲမရှိတော့ဘူး။ ဖြစ်နိုင်ရင်တော့ လူတစ်ယောက်လောက်တော့လာစေချင်တယ် ကျနော့်အတွက် စကားပြောဖော်အဖြစ်နဲ့ပေါ့..

ဒါပေမဲ့ဘယ်မှာလဲ..................................................

ကျနော်တို့ နိုင်ငံမှာရှိတဲ့ အမြင့်ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့လူက လူသား(မြန်မာ)တွေအတွက် အကျိုးပြုပါစေလို့ဆုတောင်ရင်း.....

လေးစားစွာဖြင့်
ကိုထွဋ်
၁၂.၀၄.၂၀၁၁

04 April 2011

ကားမောင်းသင်နေသည်။

" Jamie, You Push the အုံယာ.."
"What is အုံယာ,, you mean this one..ok i get it"
"Change gear no.1 to 2 "
"@@#$#$#^^%*(!)&$" စသည်ဖြင့် ဆူညံနေတာကတော့ ဒီနေ့မနက် ကားမောင်းသင်ရင်း ပြောနေတဲ့ အသံတွေပါပဲ။


ကျနော်ကလဲ ဒီအသက်အရွယ်သာရောက်လာတယ် ကားကိုတခါမှ မမောင်းဖူးဘူး။ ဆိုင်ကယ်နဲ့စက်ဘီးကို ကျွမ်းပေမဲ့ ကားဆိုတာ ဘယ်လိုစက်နှိုးရတယ်ဆိုတာတောင် မသိဘူး။ ဘာလို့သင်တာလဲဆိုတော့ ဘော့စ်ကရာဇသံပေးထားလို့ပါ။ သင်္ကြန်ပြီးရင် သူကိုကားမောင်းပြရမယ်တဲ့ (သူကျတော့သင်ဝူး :P)။

အဲဒါနဲ့ ဒီနေ့မနက်စသင်တယ်ဆိုပါတော့ သင်တဲ့လူကလဲ ရုံးကဒရိုင်ဘာကိုပဲပြန်သင်ခိုင်းရတာ။ ကားက ကလပ်တွေကော ဂီယာ တစ်၊နှစ်၊သုံးလေးတွေနဲ့ ရှုပ်ယှက်ခပ်နေတာပဲ။ ကျနော်က အော်တိုဂီယာနဲ့ပဲ သင်ဖူးတာ အဲဒီတော့ ခက်တာပေါ့ဗျာ။ ပျော်တော့ပျော်စရာကြီး ဘာသာစကားကလဲမတူ သူကပြောချင်ရာပြော ကျနော်ကမောင်းချင်သလိုမောင်းနဲ့တော့ ဟုတ်နေတာပဲ။ သူက ကလပ်ကိုနင်းဆို ကျနော်က လီဗာကိုနင်းတယ်။ ကားသွားနေတဲ့ပုံကလဲ မြွေတကောင် အရက်မူးနေသလိုပဲ ဟိုရမ်းလိုက် ဒီရမ်းလိုက်နဲ့ ပြီးတော့ ကားကလဲအကြီး မီနီဗမ်ကိုမောင်းရတာ မျက်ကလူးဆန်ပြာပဲ။ ဘုရားကလဲတလိုက်ရတာ အမော သူနဲ့ကိုယ့်ရဲ့ မီးကျိုးမောင်းပျက် အင်္ဂလစ်ရှ် နဲ့ Oh my Buddha ! Oh my Buddha !လို့ရွတ်ရင်းနဲ့နောက်ဆုံးတော့ ထရိန်နင် တရက်ပြီးသွားပါတယ်။နောက်ရက်တွေလည်း ဆက်မသင်ဖြစ်သေးဘူး....အလုပ်များနေတာကြောင့်ပါ။

~~~~~~~~~~~~~~~~~~~~~~@@~~~~~~~~~

အခုလောလောဆယ် ရက်ပိုင်းအတွင်း အလုပ်များနေလို့ ဘလော့မှာ စာလဲမရေးဖြစ်ဘူး ဘလော့လဲမလည်ဖြစ်ဘူး။ သင်္ကြန်ပြီးရင်တော့ ပုံမှန်လိုက်လည်ဖြစ်မှာပါ။
လာလည်တဲ့လူတွေရှိရင်ကျေးဇူးတင်ပါတယ်ဗျာ.

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၀၄.၂၀၁၁