12 November 2011

ထောင်ချောက်

ဘေးပတ်လည်ကမှောင်မည်းနေတယ်..ဘာမှမမြင်ရတဲ့အတွက်ကြောင့် အမှောင်ထဲမှာကျင့်သားရသွားအောင် ခဏငြိမ်နေမိတယ်..နည်းနည်းကြာတော့ သူမြင်ရလာတယ်။ သူဗိုက်ဆာနေတယ်..သူ့ဇနီးနဲကကလေးတွေလည်း ဗိုက်ဆာနေတယ်။စားစရာကိုရှာရမယ်။မတွေ့တွေ့အောင်ရှာရမယ်..အပြင်ကို ထွက်လိုက်တယ်ဆိုရင်ပဲ သူစားစရာတွေကိုတွေ့လိုက်ရတယ်။

ဝမ်းသာအားရနဲ့သူပြေးသွားမိတယ်။သူတို့မိသားစုအတွက်ဒီနေ့ညစာလောက်ရုံမကဘူး နောက်နေ့တွေအတွက်ပါ အဆင်ပြေနိုင်တယ်လေ။ အပြေးအလွှားနဲ့ စားစရာတွေရှိရာကို ရောက်သွားတယ်။ ဒါပေမဲ့ သူစားစရာတွေကို ယူလို့မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မှန်တွေခြားနေတယ်။အဲဒါကို သူမသိခဲ့ဘူး။ သူကြိုးစားပြီး  မှန်တွေကိုခွဲဖို့ကြိုးစားတယ်။ ဒါပေမဲ့ မရဘူး မှန်တွေက သူ့ထက်အဆမတန် ကြီးတဲ့အပြင် ထူထဲတဲ့အတွက် သူခွဲလို့မရနိုင်ခဲ့ဘူး။

အပေါက်ဝကနေ ကြည့်နေတဲ့ သူ့ဇနီးနဲ့ကလေးကိုလှမ်းကြည့်လိုက်မိတော့ သနားစရာကောင်းတဲ့မျက်နှာလေးတွေနဲ့ သူ့ကိုပြန်ကြည့်နေတယ်။ သူ့စားစရာ ရအောင်ရှာရမယ်.. သူနောက်တစ်နေရာကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ဇနီးနဲ့ကလေးတွေကလဲနောက်ကပေါ့။ဒါက အန္တာရယ်များမှန်းသူသိတယ်။ဒါပေမဲ့ စွန့်စားရမှာပဲလေ။ သူတို့သွားရင်းနဲ့ အနံတစ်ခုကို သူရလိုက်တယ်။ အနံ ဒီအနံ ဒါစားစရာ အနံ ဆိုတာသူသိတယ်။ ခပ်သွက်သွက်သွားပြီး ကြည့်လိုက်တော့ စားစရာလေးကို တွေ့လိုက်တယ်.သိပ်တော့ မများပါဘူး။ ဒါပေမဲ့ သူတို့မိသားစု အတွက်တော့ ကောင်းကောင်းလောက်ငှပါတယ်။သူ့မိန်းမနဲ့ကလေးကို ချောင်တစ်နေရာမှာထားခဲ့ရင်း သူစားစရာကိုသွားယူဖို့ခြေလှမ်းစလိုက်တယ်။ သူခြေလှမ်းတွေက တက်ကြွနေတယ် ရှေ့မှာ စားစရာရှိတယ်ဆိုတဲ့ အသိက သူ့ကို တက်ကြွစေတယ်။ သူ့စားစရာကို လှမ်းယူလိုက်တဲ့ အချိန်မှာပဲ "ဒုံး" ဆိုတဲ့ အသံနဲ့အတူ နာကျင်မှုတွေခံစားလိုက်ရတယ်..

သူ့လက်ထဲမှာတော့ စားစရာရှိတယ်။ သူ့ကိုယ်ကတော့ လှုပ်လို့မရတော့ဘူး၊တစ်ခုခုနဲ့ညှပ်ထားခံရသလိုပဲ။ သူ့ဇနီးကလည်း သူ့နားပြေးလာနေတယ်။ သူ့နောက်ဆုံးလက်ကျန်ခွန်အားနဲ့ စားစရာလေးကို ကမ်းပေးလိုက်တယ်။ ပြီးတော့ စားပြီးတာနဲ့ဒီကနေ ထွက်သွားဖို့ပြောလိုက်တယ်။နောက်ပိုင်းမှာတော့ လောကကြီးက အမှောင်ကျသွားတယ်............. ......

~~~~~~~~~~~~@@~~~~~~~~~~~~~~~

ဒီနေ့ မနက်အိပ်ရာထနောက်ကျတယ်။ ရုံးပိတ်ရက်မို့လဲပါတာပေါ့။ ဘေးမှာ အိပ်နေတဲ့ ယောင်္က်ျားကိုလဲ နိုးလိုက်တယ်။ ချက်ချင်းထဦးမှာ မဟုတ်။ ကိုယ်ဘာသာကိုပဲ မီးဖိုချောင်ဘက်ကို ထွက်လာခဲ့တယ်။ မီးဖိုချောင်အရောက် မြင်ကွင်းတစ်ခုက ကြိုဆိုနေတယ်။ သူမ သူ့ယောက်ျားကို အော်ခေါ်မိတယ်။ သူမယောက်ျား ရောက်လာတော့လဲ ဘာစကားမှမပြောနိုင်ဘူး။

မြင်ကွင်းလေးက သူမတို့ညကထောင်ထားတဲ့ ကြွက်ထောင်ချောက်မှာ ကြွက်လေးတစ်ကောင်က မိပြီး သေနေတယ်။ သူနဲ့ခပ်လှမ်းလှမ်းမှာ ကြွက်လေးနောက်တစ်ကောင်ရယ်..ကြွက်ပေါက်လေးသုံးကောင် ရယ်သေနေကြတယ်... ဘေးမှာတော့ ကြွက်ထောင်ချောက်က အစာက ပြန့်ကျဲလို့..................

ကြွက်ထောင်ချောက်မှာရှိတဲ့ အစာကလဲ အဆိပ်တွေသုတ်ထားတယ်လေ..............

လေးစားစွာဖြင့်
ငထွဋ်
၁၂.၁၁.၂၀၁၁

9 comments:

ညိမ်းနိုင် said...

ဟင်....အဲ့လိုလေးရေးလိုက်တော့လည်း သနားစရာ....:(
ကဲတော်ဘီ နောက်ဆို ကြွက်ထောင်ချောက်မထောင်တော့
ဘူး...၊ကြောင်ပဲမွေးတော့မယ်...:)

လမင်းငယ် said...

ဖတ်သွားပါတယ်

မအိမ်သူ said...

အဲ.. အိမ်မှာ ကြွက်တွေ အတော်သောင်းကျန်းနေလို့ ဘာလုပ်ရမှန်းမသိ စိတ်ညစ်နေလို့ လပ်ကီးသွားပြီး ကြွက်ကပ်ကော်ဝယ်မလားလို့စဉ်းစားနေတာ။ ဒီပို့စ်ဖတ်ပြီး ဘာလုပ်ရမှန်းတောင်မသိ ဖြစ်သွားတယ်။ အိမ်မှာ ကြောင်မွေးချင်တာလဲ မွေးလို့မရ.. အောက်က ခွေးတစ်ပြုံနဲ့... ကြွက်မဖမ်းရခင် ကြောင်ကအရင် ခွေးစာမိသွားမှာ...

မဒမ်ကိုး said...

း( အဆင်မပြေဘူးဖတ်ရတာ
သူများကနေကောင်းခါစကို သရဲပိုစ့်နဲတိုးလိုက်
စိတ်မကောင်းစရာတွေလာတွေလိုက်နဲ့း(
မျက်လုံးထဲမြင်တောင်မြင်တယ် ..

မလုပ်ဖူး စိတ်ဆင်းရဲလွန်းလို့ ..
ဖြောင်းခနဲ့အသံကြားရင်အသေကြောက်း(

နေပါဦးဒါနဲ့ မနေ့က ၀င်တာဝင်မရလို့ ပိတ်လို့ကတော့လားကွာ ဟင်းးဟင်းးး

ပိတောက် said...

သြော်.ဘဝ ဘဝ

မြသွေးနီ said...

စိတ်ကူးလေးကောင်းတယ်...။ ရေးထားတာလေးလည်း အဆင်ပြေတယ်။
အပြင်မှာတော့ ကြွက်ဆိုကြောက်တတ်တော့ ဒီတိုင်းကို လွှတ်ထားလိုက်တော့တယ်။

mstint said...

သနားပါတယ်။
ထောင်ချောက်ဆိုရင် ဘာထောင်ချောက်မှ မသုံးချင်ဘူး။
ဝဋ်လိုက်မှာကြောက်လို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

ဘာကို ဆိုလိုချင်တာလဲ။ ကိုယ့်ဖာသာပဲ တွေးသွားတယ်။ ငါတော့ ထောင်ချောက် ဘယ်တော့မှ မဆင်ဘူး။ ကိုယ့်ဖာသာ လုံခြုံအောင် ကာကွယ်မယ်။

တိရစ္ဆာန် တတ်နိုင်သရွှေ့ မနှိပ်စက်ဖူး ဆုံးဖြတ်ထားတယ်။ ငါ့တူ။

AH said...

ကထွဋ်တို့ လက်ရာကတော့ ရှယ်ပဲဗျာ.. ကြွက်တောင် ၀ယ်မွေးချင်စိတ်ပေါက်လာပြီ :)