29 May 2011

ကြည့်လိုက်မိသောဘောလုံးပွဲ

(မှတ်ချက်။ ။အောက်ဖော်ပြပါ စာစုသည် AM ၏ အာဘော် လုံးဝ မဟုတ်ပါ။ Facebook user တစ်ဦး၏ Note တစ်ခုကို သဘောကျ၍ ပြန်လည် ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။)



တစ်နေ့သောအခါသာမယ ညအခါကလာတွင် ကျွနုပ်သည် ပျင်းပျင်းရှိသည်ဖြစ်သဖြင့် ကွန်ပျူတာကိုဖွင့် နားကိုစွင့်ကြည့်လိုက်ရာ အကျွနုပ်၏ အခန်းဖော်ဖြစ်သူသည် ယနေ့ညတွင် စပိန်မှ ကမ္ဘာ့အကောင်းဆုံးဟု တစ်ကမ္ဘာလုံးက သတ်မှတ်ထားသော အသင်းနှင့် ( တစ်ခြားဂြိုဟ်သားတွေသာ ဘောလုံးကန်ရင် ဘာစီလိုနာ ကိုရှောင်သွားကြမယ်ထင်သည်. ဤကားစကားချပ်) ပိုလီယိုဆန်ဆန် ကစားတတ်သော လိမ်ဖယ်လိမ်ဖယ်နှင့် ကန်တင်ပြေး စုပြုံလိုက် ခြေဖျားနှင့်ထိုးလျှင် တွတ်ပီကဲ့သို့ မထင်သလို ဟိုထိဒီထိ ဂိုးသွားတတ်သော ဒိုင်ကူမန်ယူဟု အများကပြောကြသည့် အသင်းနှင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မစားရ၀ခမန်း ကသန်းကယန်းနှင့် စိုးရိမ်သောမျက်ဝန်းနှင့် လာပြောနေသည်။ သို့ဖြစ်သဖြင့် ကျွနုပ်လည်း ဒီအသင်းနှစ်သင်း ဘယ်လိုများကန်မလဲဟူသော စိတ်သည် အကျွနုပ်ကို နှိုးဆွလာသည်ဖြစ်၍ မကြည့်ချင်ကြည့်ချင်နှင့် ထိုင်ကြည့်ဖြစ်သည်။ သို့သော်အကျွနုပ်၏စိတ်ထဲတွင် ဒိုင်ကူများဘက်မှ သီဆိုမည့်သီချင်းလေးကို တွေးကြည့်ရာ စိုင်းစိုင်မော့ဝ် သီချင်းလေးထွက်လာသည်။ ...မဖြစ်နီုင်းသိပါရက်နဲ့ သူ့ကိုပင် ...ချန်ပီယံဖလားလေးကိုမှ ....ဒိုင်ကူကလိုချင်... အစမှာ ဘာကာနဲ့မတွေ့ခဲ့ကြရင် အကောင်းသားပေါ့ထင်...ကို့မှာသူတို့ ကန်တာများတော့ စိတ်မှာ ကြောက်အားဝင်.....။



နှစ်ဘက်အသင်းသားမှားကွင်းထဲဝင်လာသည်ကို တွေ့ရပါသည်. လက်ဆွဲနှူတ်ဆက်ကြ ထို့နောက် အသီးသီးနေရာယူကြသည်။ ထိုအထဲတွင် ကျွနုပ်သတိထားမိသည်ကား lionel messi ဆိုသည့်ကောင်ကလေးပင်ဖြစ်သည်။ သူ၏လူကောင်မှာ အင်မတန်သေးကွေးလှပေသည်။ သူကလေး ဘယ်လိုများကစားဦးမလဲဆိုသည်းစိတ်သည် ကျွနုပ်၏ရွေဘ၀င်ကို မရိုးမရွဖြစ်စေသည်။ ပွဲစသည်နှင့် မန်ယူဘက်မှ ဟိုပေးဒီပေး စလုပ်လာသည်ကို တွေ့ရသည်။ တောင်ကန် မြောက်ကန် ကန်သည် ။ မျောက်လိုလိုအကောင် နဖူးပြောင်ပြောင်နှင့် အကောင်ဆီကို ဂိုးသမား က ကန်တင်ပေးသည် . မျေက်လိုလိုကောင်က ပြေးလိုက်သည်။ ဂိုးသမားတက်ပုတ်သည်။ ဂိုးသမားသည် ဆိုက်ကားသမား မဟုတ်သောကြောင့် အသာလေး ကာကွယ်နိုင်သည်။ မန်ယူ ပေးသည်. ယူသည်. အပေးအယူလုပ်နေသည်. ဘယ်သူ့ကိုပေးရမှန်းမသိသဖြင့် တွေ့ရာလူကိုကိုပေးသည်. ဘာကာက ဖိန့်နဲ့လိုက်သည်။ ဟိုကန်ဒီကန်ကန်သည် မရပါ ။ ဘာကာနောက်တန်းသည် တရုတ်ပြည်မှ မဟာတံတိုင်း ကွင်းထဲရောက်နေသလား ထင်မှတ်ရလောက်အောင် ကာကွယ်နိုင်သည်. မန်ယူရှေ့တန်းတွေ တိုးမပေါက် . ခွေးတိုးပေါက်လိုက်ရှာသည်. မတွေ့ .ထို့ကြောင့် ကျော်တက်ရန်စဉ်းစားသည်. မဖြစ်နိုင် . ထို့ကြောင့်သူတို့တွေ အတော်စိတ်ဓာတ်ပျက်သွားပုံရသည် .နောက်ဆုံးတော့ မန်ယူအသင်းသားများ လူစုံအောင်ဘောလုံး မထိလိုက်နိုင်ခင် ဘောလုံးက ဘာကာ ကစားသမားတွေ ခြေထဲ အလိုလိုသက်ဆင်းလိုက်ရလေတော့သည်....



ဒီလိုနဲ့ဘာကာတို့ ကစားကွက်အတိုင်း အနီးကပ်ပေး အဝေးဖြန့်ပေး ဘယ်လိုပေးပေး ကြည့်လို့ကိုကောင်းနေတော့သည် ...ပက်ကျိလိုကောင်လေးသည် အစပိုင်းတော့ ခွေးရူးလုပ်တမ်းကစားသည် အထင်နှင့် လိုက်လုကြည့်သည်.. ဘာကာကစားသမားတွေသည် ဤသည်မှာ ခွေးရူးကစားနေခြင်းမဟုတ် အလှူအိမ်လည်း မဟုတ်ကြောင်း အရမ်းကာရော လိုက်မလုဖို့ နည်းနည်းလောက်အကြောင်းသိအောင် ကွင်းထဲတွင် ပတ်ပြေးခိုင်းလိုက်ရာ လျှာလေးတစ်လစ်နှင့် သူ့ဘ၀သူသိကာ အမြီးကုပ်ပီး နောက်နားသို့သွားကာ ဂိုးမပေးရအောင်ကာကွယ်ရ ရှာသည်....ဘာကာ ကစားပုံမှာ ပိရိ သပ်ရပ်သေသပ်လွန်းလှသဖြင့် မန်ယူကစားများမှာ မည်သူ့ကို ဆရာခေါ်ရမှန်းမသိအောင် ယုန်တောင်ပြေး ခွေးမြောက်လိုက် ဗျူဟာနှင့် အရှက်တကွဲ အကျိုးနည်း မဖြစ်စေရန် နဖူးမှချွေး ခြေမ ကျအောင် ကျွဲလိုနွားလို လိုက်တားကြလေသည်ကို ကျွနုပ်မျက်စိနှင့် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ ကမ္ဘာအကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်နှစ်ဆက်တိုက်ရရှိထားသည့် မက်ဆီဆိုသည့် ကောင်လေးမှာ ပြိုင်ဘက်ကစားသမားများ ၀ိုင်းရ့ထားသည်းအထဲတွင် လိုသလို ကစားသွားနိုင်သည်မှာ ပြိုင်ပွဲနှင့်မတူပဲ အပျင်းပြေ ဘောလုံးဆင်းကစားနေသည်နှင့် တူနေပြန်လေသည်ကိုလည်း တွေ့ရပေသည်. ပွဲကစားချိန် 27 အရောက်တွင် ဘာကာသည် ဂိုးသွင်းချင်စိတ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ကွင်းလယ်မှ Xavi လှမ်းခင်းပေးသည်ကို Pedro မှ နောက်တန်းနှင့် ဂိုးသမားကြားမှ ထောင့်ထဲသို့ အပျင်းပြေကန်သွင်းလိုက်ရာ ဘာကာတို့ ချန်ပီယံနမိတ် စဖိတ်လေပြီကို အကျွနုပ် အနည်းငယ်တော့ သတိချပ်မိလိုက်သည်။ သည်လိုနှင့် ပျင်းသလိုရှိလာသည်နှင့် ဘာကာတို့ဟိုပေးဒီပေးလုပ်နေခိုက် မန်ယူတို့ ခြေထောက်ထဲ ဘောလုံးတစ်ခါရောက်သွားသည်ကို အယောင်တကူး(အရူးတစ်ကောင်) အကွက်နှင့် မျောက်လိုလို အကောင်သည် လူကျွ့ဘောကို မသိချင်ယောင်ဆောင်ကာ ကန်လိုက်သဖြင့် အိပ်နေသည့်ကျားကို တစ်ဖန်ပြန်အသက်သွင်းလိုက်ပြန်သည်. သည်လိုနှင့် ပထမပိုင်း ပီးဆုံးသွားခဲ့ပီဖြစ်သည်။



ဒုတိယပိုင်း ဘာကာတို့ ခြေထောက်ထဲ ကော်တွေများကပ်နေသလားဟု ထင်ရလောက်အောင် ဘောလုံးသည် ဘာကာကစားသမားများခြေထောက်ထဲမှာတင် တ၀ဲလည်လည်နှင့် နေနေရှာသည်။ မန်ယူကစားများ လည်း ကွင်းထဲရောက်မှတော့ ပြန်ထွက်ရင် ရှက်စရာကြီးဟုတွေးကာ မသိချင်ယောင်ဆောင်ကာ လိုက်လုရှာသည်....သို့သော် ချန်ပီယံခြေထောက် မြေမှာထောက်သည်နှင့် ဗန်ဒါသီး အတွက် ဆေးခပ်ထားတဲ့ ၀ိုင်တစ်ခွက်ထက်ခါးသည့်အရသာ ကို ကိုကိုမက်ဆီက နောက်တန်းကြီးပေါကြီးနှစ်ယောက်ကြားမှာ တစ်ဆင့် ကန်သွင်းလိုက်ခြင်းက အော် ဒါကြေင့်လည်း ဒီကောင့်ကို အကောင်းဆုံးလို့ပြောတာပါလားဟု အကျွနုပ်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်မိလိုက်သည်။။။ မက်ဆီရဲ့အောင်ပွဲ မိုက်ပွဲတွေတောင်မနေနိုင် ကန်ချက်က လန်ထွက်နေတာပဲဟု ဆိုကာ မိုက်တွေကိုကန်လိုက်သည်။ မှောင်ဝင်ခြေထောက်လေ ဒီလောက်တော့ ရှိမှာပေါ့.....ဒါကိုမန်ယူက အလံဖြူမပြပဲ ကံမကူလည်း ဒိုင်ကူမှာပဲ အထင်နှင့် ဗလာစီယာ က မက်ဆီကို အတင်းဝင်တိုက်သည် ...ရသွားပါတယ် ...အ၀ါရောင်အနမ်းလေးတစ်ပွင့် သူ့နာမည်လေးနဲ့ပေါ့.......ဒီလိုနဲ့တစ်ခါပြန် မျှော်လင့်ချက်တွေ မပေးကြဖို့ ဘာကာနည်းပြစကား မြေ၀ယ်မကျနားထောင်တတ်တဲ့ သူ့တပည့်လေး David Villa က စပိန်ကိုယ်စားပြူ ဘာကာဖလားတစ်ခုကွဟု ဆိုကာ မန်ယူရဲ့ ဆယ်ပြားစေ့ဂိုးပေါက်ထဲ ဝေ့၀ဲကာဝင်သွားသည်က ပွဲတစ်ခုလုံးအဆုံးသတ် ပခုံးဖက်ပီးအောင်ပွဲခံနေလိုက်ကြတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ မြင်တွေ့လိုက်ရတော့ ကျွနူပ်စိတ်ထဲ အတော်စိတ်မကောင်းဖြစ်မိသည်...အဘယ်ကြောင့်ဆိုသော် မျောက်သေကို ကြိုးတုတ်ရိုက်သလိုဖြစ်နေတော့ ကျွနုပ်လည်းစိတ်မကောင်းသည့် ဓာတ်ခံရှိသဖြင့် ကွန်ပျူတာပိတ် အိပ်စက်ရင်ပြင်ရလေတော့သည်...





ထိုကစားသည့်ပွဲတွင် မှတ်မှတ်ရရ မှတ်တမ်းဝင်သွားသူများမှာ





Lionel Messi---Man of the match 12ပွဲကစား 12ဂိုးသွင်း.





နာနီ--ဘောလုံး 4 ခါထိလိုက်ရသည်



ချာချာပါတီ--ဘောလုံး 4ခါထိ.2 ခါလူကျွ့ 1 ခါဘေးထွက် 1ခါပျက်



မျောက်နီ--တစ်ဂိုးသွင်း

ဖေ့ဘုတ်မှကူးယူသည်...

မန်ယူပရိသတ်များ အကျနုပ်အားချစ်ခင်ကျလေကုန်.... :P

ကိုထွဋ်
၂၈.၀၅.၂၀၁၁

26 May 2011

လတ်တလောစိတ်ဆန္ဒလေးများ(တဂ်)

နေ့လည်ကလဲ ပူလို့အိပ်မရဘူး ။ အဲဒါနဲ့ ညကျတော့ မိုးရွာလို့ စောစောအိပ်တယ်။အေးသွားတာပဲလေ။ အိပ်ပျော်တာနဲ့ အိမ်မက်မက်တော့တာပဲ ။ အံမယ် ကျနော် ရောက်နေတာက အိန္ဒိယလို့ခေါ်ရမလား။ အီဂျစ်လို့ပြောရမလား။ ဘေးမှာ ကြည့်လိုက်တော့လဲ မီးခွက်တစ်လုံးနဲ့ ကုတင်ကလွဲလို့ ဘာမှ မရှိဘူး။ မီးခွက်ကိုကြည့်တော့လဲ အာလာဒင်ကားထဲက မီးခွက်နဲ့တူတယ်။ ဒါနဲ့ ပွတ်ကြည့်လိုက်တော့ မီးခိုးငွေ့တွေ ထွက်လာပီး ဂျင်းနီပေါ်လာတယ်။( အဆိုတော် ဂျင်းနီဖြစ်သည်။ ဘီလူးမဟုတ် အီကား စကားချပ်)။ အဲဒါနဲ့သူကကျနော်ကို ဖြေစေချင်တဲ့မေးခွန်းတွေရှိတယ်..အဲဒါတွေအားလုံးဖြေနိုင်ရင် လိုချင်တဲ့ဆုပေးမယ်တဲ့..

ကဲ ဖြေလရော့ဟယ်..

၁။ အစားချင်ဆုံးအစားအစာ - ဝက်သားနဲ့မျှစ်ချဉ်ဟင်း စားချင်တယ်...

၂။ နေ့တိုင်းစားဖြစ်တဲ့အစားအစာ - ထမင်းနဲ့ဟင်း

၃။ အလိုချင်ဆုံးရေမွှေး - မရှိ

၎။ သုံးဖြစ်နေတဲ့ရေမွှေး - မရှိ (ပုံမှန် ကို ကြာညိုနံလေးသင်းပြီးသား)

၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင်- မရှိပါ...

၆။ အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း

၇။ သုံးဖြစ်နေတဲ့ဖုန်း - နိုကီယာ ဖုန်းအစုတ်လေးပါ

၈။ အရူးသွပ်ဆုံးအရာ - ဂိမ်းဆော့ချင်း၊ ဘလော့လည်ခြင်း..

၉။ အနီးစပ်ဆုံးဂီတ - တိန် တူနယ် တဲနယ် ဗျောင်

၁၀။ အလိုချင်ဆုံးစာအုပ် - စပိန်စကားပြောနည်းစာအုပ် (ရှိရင်ပို့ပေးကြပါ)

၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - ရွှေဥဒေါင်း-ဇော်ဟိတ်

၁၂။ အကြားချင်ဆုံးစကား - မြန်မာပြည်မှာ အလုပ်အကိုင်တွေပေါပြီး အေးချမ်းသာယာသွားပီ... (မျှော်လင့်ရင်းရှုး)

၁၃။ အဖြစ်ချင်ဆုံးဆန္ဒ - အများကြီးပဲဗျာ.....

၁၄။ အလိုချင်ဆုံးဆု - မျက်နှာမြင်ချစ်ခင်ပါစေ။ အသံကြားသနားပါစေ

၁၅။ အသွားချင်ဆုံးနေရာ - မြန်မာပြည်အနှံ

၁၆။ သွားဖြစ်နေတဲ့ နေရာတွေ - အိမ် ၊ သင်တန်း ၊ အလုပ် နဲ့ မြစ်ကမ်းဘေး

၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - P4 (Pentium 4 မဟုတ်ပါ) Pirates of Caribbean 4

၁၈။ အပြောချင်ဆုံးစကား - မိမိကိုယ်သာကိုးကွယ်ရာ

၁၉။ အယုံကြည်ဆုံးလူသား - အဖေ နဲ့ မ

၂၀။ မယုံကြည်ဆုံးအရာ - ကိုယ်ကိုကိုယ့်

၂၁။ အမုန်းဆုံးအရာ - ကိုယ်ချင်းမစာတာတွေကိုမုန်းတယ်.

၂၂။ အသောက်ဖြစ်ဆုံး အအေး - ကိုကာကိုလာ

၂၃။ လတ်တလောအထိတွေ့ဆုံးအရာ - ကွန်ပြုတာ နဲ့ အင်တာနက်

၂၄။ မကောင်းတဲ့ ကျန်းမာရေး - အလွယ်တကူု အအေးမိတယ်..

၂၅။ အကောင်းဆုံးအဖော် - မ

၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - Just a Dream - Nelly

၂၇။ အကြောက်ဆုံးအလုပ် - ကိုယ်ကျင့်တရားပျက်မှာ

၂၈။ တန်ဖိုးအထားဆုံးအရာ - စာရိတ္တ

၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မြွေ (အရေခွံကအစကြောက်တယ်...အကောင်ဆိုရင်တော့ပြောမနေနဲ့တော့)

၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - အွန်လိုင်းမှာ ဦးညိမ်းနိုင် ၊ ဦးလတ် ၊ ဦးရဲထွန်းဇော် ၊ ဦးမိုးယံ ၊ ဦးဘသားချော နဲ့ ဦးမောင်မျိုး....ကိုရာဇာလဲပါတယ်..

၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - မပါမဖြစ်တွေပေါ့ (အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်၊ဖုန်း နဲ့ ပိုက်ဆံ)

၃၂။ သွားဖြစ်တဲ့နေရာတွေ - သင်တန်း ၊ အိမ် ၊ အလုပ်

၃၃။ စိတ်အညစ်ဆုံးအချိန် - တနင်္ဂနွေ နေ့မှာ မနက်စောစော ဖုန်းဝင်လာတဲ့အချိန်( အဲဒီအချိန် အင်္ဂလိပ်လို ဗမာလို စကားလုံးလှလှ များ သင်ကြားပေးသည်... :P)

၃၄။ အနေချင်ဆုံးနေရာ - အခုလောလောဆယ်တော့ အိပ်ရာထဲမှာ ပြန်နေချင်တယ်..(အိပ်ရေးမဝလို့ :P )

၃၅။ ကြားလိုက်မိတဲ့ဟာသလေး တခု - မယ်မျှစ်က ခန့်ချောကြီးတဲ့ (ကိုညိမ်းနိုင်ပြောတာ :) )

၃၆။ ပေးချင်တဲ့သတင်းတခု - လစာရတော့မယ်..

၃၇။ အပျော်ဆုံးဖြစ်မယ့်အချိန် - လစာရတဲ့အချိန်

ဂျင်းနီမေးတဲ့မေးခွန်းတွေဖြေပီးတဲ့နောက်မှာတော့..သူမကဆုပေးရန်လက်အလှမ်းးးးးးးးး.....


ဒုန်း............ဝုန်း.................

အာ....ကြောင်တွေ ဆော့နေလို့ လန်နိုးသွားပါသဖြင့်ဘာဆုမှမရလိုက်ပါ...

ကိုရာဇာ(ကျေးလက်သားလေး)က ကျနော်ကိုတက်ထားတာပါ။ ကျေးဇူးတင်ပါတယ်....

ကိုထွဋ်
၂၆.၀၅.၂၀၁၁

24 May 2011

မုန်းတယ်....




မုန်းတယ်...

လူတွေကို ကျနော် မုန်းတယ်.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော်နဲ့ မိသားစုက ရွာမှာနေတယ်။ ရွာမှာနေတော့ လုပ်ကိုင်စားသောက်ရတာ သိပ်အဆင်မပြေဘူး။ တဝမ်းတခါးတော့ လှပါတယ်။
ဒါပေမဲ့ ကျနော်က ပိုတိုးတက်ချင်တယ်။ ရွာမှာနေရင် တောသား ဘဝနဲ့ပဲပြီးမှာလေ။ မြို့မှာကပိုလဲ ခေတ်မှိတယ် သာလဲသာယာ တယ်လို့ ကြားဘူးတယ်။ မိန်းမ ကတော့ ရွာကနေ ခွဲပြီးတော့ မသွားချင်ဘူး၊ ဒါပေမဲ့လဲ ကျနော်က သွားမယ်ဆိုတော့ လိုက်လာပါတယ်။ ခလေးနှစ်ယောက်လဲပါတာပေါ့။

အဲဒါနဲ့ ကျနော် တို့မြို့ကိုရောက်လာကျတယ်။ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူကကူညီတာနဲ့ သူဌေးတစ်ယောက်အိမ်မှာ နေဖို့ရတယ်။ကျနော်ကော ကျနော် မိသားစုကောပေါ့။ သူတို့တွေက ကျနော် တို့ပေါ် အရမ်းကောင်းတယ်။ သူဌေးရဲ သားအကြီးဆုံးလဲ ဆိုရင် အပြင်ကပြန်လာတိုင်း ကျနော်တို့ဖို့ ဆိုပြီး မုန့်တွေ ဝယ်ဝယ် လာလေ့ရှိတယ်။ သူဌေးကလဲ ချစ်တော့ အလိုလိုက်ကျတယ်။ ဒါပေမဲ့ သူတိုတွေ့ ညရောက်တိုင်း စုထိုင်ပြီး အဲဒီ အလုပ်ကို လုပ်ကျတော့တာပဲ.... သူဌေးကအစ သူ့မိန်းမ ၊ ကလေး၊ တွေကလဲ အဲဒီအရာကို စွဲစွဲမြဲမြဲလုပ်ကြတယ်။ ကြာတော့ ကျနော်တို့ သည်းမခံနိုင်တော့တာနဲ့ နောက်တစ်နေရာ ပြောင်းဖို့ဆုံးဖြတ်လိုက်ကျတယ်။

ဒီလိုနဲ့ကျနော်တို့ နောက်တစ်အိမ်မှာသွားနေတယ်။ အဲဒီအိမ်က မချမ်းသာပေမဲ့ စိတ်ကောင်းရှိကြတယ်။ လင်မယား နှစ်ယောက်ပဲရှိတယ်။ ကျနော်တို့မိသားစုကိုလည်းကျွေးမွေးပါတယ်။ ဒါပေမဲ့ ညရောက်ရင် သူဌေးမိသားစုလုပ်တဲ့ အလုပ်ကို သူတို့လုပ်ကြသေးတယ်။ အတူတူပဲ နေ့စဉ်ရက်စက်ကိုလုပ်ကြတာပါပဲ။ကျနော်တို့မိသားစုလည်း သည်းညည်းခံပါသေးတယ် ၊ ကြာတော့မရတော့ဘူး၊ စိတ်ကုန်လာတာနဲ့ပဲ နောက်တစ်အိမ်ထပ်ပြောင်းဖို့ စဉ်းစာမိတယ်။ ဒီတစ်ခါတော့ ကျနော် သေချာ စဉ်းစားရတော့မယ်။မိန်းမကလည်း အိမ်တွေ ခဏခဏ မပြောင်းချင်တော့ဘူးလို့ပြောနေပီ။ အာာာာ ရပြီ ။

အဲဒီလူက နာမည်ကြီးစာရေးဆရာ သူက သနားကြင်နာတတ်တယ်လို့လဲကြားတယ်။ ကျနော် မျှော်လင့်ထားတဲ့ အတိုင်းပဲ သူကျနော်တို့ကိုတွေ့တော့ ကြိုဆိုပါတယ်။ စားစရာတွေ နေစရာတွေလဲပေးတယ်။ အဲဒါနဲ့ကျနော်နေလာတာ တစ်ပတ်လောက်ကြာတော့ သူလဲ ထူးမခြားနားပဲ ညတိုင်း အထက်က လူတွေအတိုင်း တသွေ မတိမ်းလုပ်တယ်။

အခုတော့ကျနော်ရွာပြန်ပြီ။ မိန်းမကလဲ ပျော်နေတယ် အမျိုးတွေနဲ့ တွေ့ရတော့မှာမို့။အမျိုးတွေကလဲ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ဒါပေမဲ့ ရွာမှာလဲ အထက်ကလူတွေလို လုပ်တာပဲ။ အဲဒီအချိန်ကျ ကျနော်က အမျိုးတွေ ဆီမှာသွားနေလိုက်တယ် နားညီးသက်သာအောင်ပေါ့

ဘာလုပ်ကြတယ်လိုက ခင်ဗျားတို့ထင်သလဲ။အဲဒါကဘာလဲ ဆိုတော့ ညညကျရင် ထိုင်ပြီး ညည်းတာပဲ တခါတလေကျတော့ နေ့လည်ပါမကျန် ညည်းတာ။ စီးပွားရေးမကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ညည်းတာပဲ၊

ခင်ဗျားတို့ စဉ်းစားကြည့်ပါ ။ ကျနော်က ခို တစ်ကောင်ပါ ။ ကျနော် မိသားစုကလဲ ခို တွေပါပဲ။ ဒါပေမဲ့ ကျနော် တို့ခိုတွေက မညည်းရဘဲ သူတို့လူတွေကချည်း ညည်းနေတယ်။ သှူုတို့မှာ ဆိုရိုးစကားတောင် ရှိသေးတယ်။ “နင်တို့ကလည်း ညည်းလိုက်တာ ခို ကျနေတာပဲ”တဲ့။ တကယ်တော့ ခင်ဗျားတို့လူတွေကမှ ကျုပ်တို့ထက်ပို ညည်းတယ်။။။

အဲဒါကြောင့် ကျနော် လူတွေကိုမုန်းတယ်.....

မှတ်ထားဗျ ခင်ဗျားတို့လူတွေက ကျူပ်တို့ထက်ပိုညည်းတယ်......

ကိုထွဋ်
၂၄.၀၅.၂၀၁၁



15 May 2011

လွဲချက်ကယ်နာ ( အပိုင်း -၁)

အကျနုပ်သည် ဘလော့များ လိုက်လံဖတ်ရှုရင်း ကိုယ်တိုင်ဘလော့ဂါဖြစ်ချင်လာသဖြင့် ဘလော့တခုအားဖွင့်၍ ဘလော့ဂင်းနေခဲ့လေ၏၊ ထို့သို့ ဘလော့ဂင်းရင်း အချိန်အနည်းငယ် ကြာမြင့်သောအခါ ဘလော့ဂါများနှင့် သိကျွမ်းဝင်လာခဲ့လေသည်။

ထိုအထဲမှ ဘလော့ဂါ တစ်ဦးသည် အလွန်ရေးနိုင်၏၊ တစ်နေ့တွင် တူးပို့ (သင်္ကြန် မဟုတ်ပါ) မက ရေးနိုင်၏။ ရေးလိုက်သမျှကိုလည်း နှုတ်ခမ်းနီဆိုးရသော ကောင်မလေးများသာမက နှုတ်ခမ်းမွှေးရိတ်ရနှုတ်ရသော ကျနုပ်တို့ ပုရိသများပင် ကြိုက်နှစ်သက်ကုန်၏။အလွမ်းဝတ္ထုလည်း အရေးကောင်းသူဖြစ်၏။ သူ၏ ဟစ်ကောင်တာ(Hit counter)တွင် တနေ့ကို လူအရာက် နှစ်ရာကျော် ဖတ်၏ ။ဖဘတွင်လည်း အယောက်တစ်ရာတွင် ၈၀ မှာမိန်းကလေးပရိသတ်များဖြစ်လေ၏။ အံသြ ဖွယ်ပါတကား။အကျနုပ်သည် ထိုလူအားခင်မင်ချင်စိတ်ဖြစ်ပေါ်သော ကြောင့် သမင်တော့ တွင်အပ်၍ စကားစမြည်ပြောဆိုသောအခါ ကျနုပ်နှင့်သူသည် တနိုင်ငံထဲတွင် နေထိုင်ကြသည်ကိုတွေ့ ရှိခဲ့လေသည်။ ထိုမှတဆင့် ကျနုပ်တို့ အပြင်တွင်တွေ့ဆုံကျလေသည်။ကျနော်တို့ နှစ်ယောက်ကို မိတ်ဆက်ရလျှင်


သူ၏နာမည်သည် ရဲလတ် ဟုခေါ်၏။ ကျနော်သည်ကား မင်းထွဋ်ခ ဟူ၍ဖြစ်သည်။သူသည် အင်မတန် ညုနုသော စာများကို ရေးသော်လည်း ရည်းစားတယောက်မျှပင် အပြင်လောကတွင် မထားဘူးချေ။ အဘယ်ကြောင့် ဆိုသော် သူ၏ ရုပ်ရည်ကြောင့်ဖြစ်၏။ အနည်းငယ် ပုံဖော်ပြရသော် သူတွင် ဘယ်လို ဆီလိမ်းလိမ်း ပုံမကျသော တံမြက်စည်း သဖွယ် ဆံကေသာရှိ၏ ။ မျက်နှာမှာ မည်း၍ အဆီပြန်ကာ ဝက်ခြံရှိကာ ဂေါ်လီလုံးကဲ့သို ပြုးသောမျက်လုံး ပေါက်တူးရိုးနှင့်တူသောနှာခေါင်း အတန်ငယ်ပြဲသော ပါးစပ်နှင့် ဝဖိုင့်သောခန္ဒာကိုယ်ရှိ၏။

ကျနောမှာမူ အလွန်အမင်းမချောစေကာမူ ကြည့်ကောင်းသော ရုပ်ရည်နှင့် တောင့်တင်းသောခန္ဒာကိုယ်ရှိ၏ ။ ကျနော်တို့သည်ရုပ်ရည် အလွန်ကွာခြားသော်လည်း အလွန်အမင်းခင်ကြသည်။ ရှေးဘဝကရေစက်လားတော့မသိပေ။ထို့ပြင် ယခုခေတ်သည် အွန်လိုင်းခေတ်ဖြစ်သည့်အားလျှော်စွာ သူတွင် အွန်လိုင်းရည်းစားရှိသည်။ သို့သော်ကြာကြာမခံချေ သူ၏ဓာတ်ပုံကို ကောင်မလေးဆီ ပို့ပြီးသည့်နေ့မှစ၍ ကောင်မလေးဘယ်တော့မှ အွန်လိုင်းမလာတော့ချေ။
သူသည်အဲလိုဖြစ်လေ သူ၏စိတ်ကူးများထဲမှ စိတ်ကူးစိတ်သန်းများအားလုံးသည် ဝတ္ထုထဲတွင် ဝင်ရောက်ကာ ဇာတ်ကောင်များမှာ အတိုင်းထက်အလွန်ပြီးပြည့်စုံကြကုန်လေ၏ ။ ဘလော့လောကတွင် ရေးလိုက်သမျှအလွမ်းဝတ္ထုများမှာလည်း ဘလော့ပရိသတ်များကြားတွင် အလွန်ရေပန်းစား၏်။ စာဖတ်သူများကိုယ်တိုင် သူ၏ဇာတ်ကောင်နေရာတွင် ဝင်ရောက်ခံစားသွားစေလေသည်။ စိတ်ကူးယဉ်တတ်သော ကောင်မလေးများမှာ စာရေးဆရာ ကိုယ်တိုင်မှာလည်း ဝတ္ထုထဲမှ မင်းသားများကဲ့သို့ပင် ချောမော လှပမည်ဟုထင်ကြကုန်လေ၏။



ဆက်ရန်..............


ကိုထွဋ်
၁၅.၀၅.၂၀၁၁